ခမ်းသားငေါဝ်း

စက်တင်ဘာ ၁၊ ၂၀၂၄

တအာင်းမျိုးနွယ်စုများ၏ တမူတည်းစာ ရုံးသုံးစာပေ/ဘာသာစကား တိုးတက်ပြန့်ပွားစေရန် တအာင်းစာပေအဖွဲ့ (TLA) ကို ဖွဲ့စည်းလိုက်ကြောင်း TNLA ကရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်ဩဂုတ် ၃၀ ရက်က ၅၂ နှစ်မြောက် တအာင်းစာပေနေ့ကျင်းပပြုလုပ်စဥ် တအာင်းစာပေအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း TNLA ထုတ်ပြန်သည့်ရုပ်သံတွင်ဆိုထားသည်။

တအာင်းလူမျိုးများသည် မျိုးနွယ်စုများစွာရှိပြီး မတူညီသည့် (သရ)လေသံများကိုစုစည်းကာ မျိုးနွယ်စုများမှ အများဆုံးတူညီသည့် ဝေါဟာရ စကားလုံးများအား ရုံးသုံးဘာသာစာ/စကားအဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြောင်း ဆိုထားသည်။

ယခုဖွဲ့စည်းထားသည့် TLA သည် တအာင်းစာပေကို ထွန်းကားပြန့်ပွားရန် အစဉ်တစိုက် လုပ်ဆောင်သွားမည့်အကြောင်းနှင့် တအာင်းစာပေအခမ်းအနားနှင့်အတူ တအာင်းစာသင် ဆရာ/မ အဖြစ် TOT အပတ်စဉ် (၄) သင်တန်းဆင်းပွဲပါ ကျင်းပနိုင်ခဲ့ကြောင်း ဆိုထားသည်။

တအာင်းစာပေအဖွဲ့ TLA သည် တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ တအာင်းစာသင်ကြားရေးအဖွဲ့ TLTA နှင့် PSLF/TNLA တအာင်းရုံးသုံးစာအဖွဲ့တို့မှ စုပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

၅၂ နှစ်မြောက် တအာင်းစာပေနေ့တွင် ရုံးသုံးဘာသာစာ/စကားအပြင် တအာင်းစာပေနှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဘာသာပြန်စာနှင့် အခြားတအာင်းစာနှင့်ပတ်သက်သည့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခြင်းများပြုလုပ်ခဲ့သည်၊၊

တအာင်းလူမျိုးများသည် ရှမ်းပြည်နယ်ရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိူး၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ် စသည့်မြို့နယ်များတွင် ပျံ့နှံ့စွာနေထိုင်ကြကြောင်း သိရသည်။

PPV001
ဓာတ်ပုံ – TNLA