ခမ်းသားငေါဝ်း
သြဂုတ် ၁၇၊ ၂၀၂၄

နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းဖြင့် ဒီမိုကရေစီအရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား နှစ် ၇၀ ကျော် တောင်းဆိုလာခဲ့ပြီး ယနေ့တိုင်မရရှိသေးဘဲ၊ ယခုအချိန်သည်အမျိုးသားစည်းလုံး ညီညွတ်မှုမှာ ထိပ်ဆုံးရောက်နေပြီ ဖြစ်၍ ကိုယ့်ကံကြမ္မာဖန်တီးပိုင်ခွင့် ရရှိအောင် လုပ်ဆောင်ပြီး အခြား တိုင်းရင်းသားများနှင့် အတူ တိုက်ပွဲဝင်သွားရမည်ဟု (KA/KNDF) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ယနေ့ကျရောက်သော ၇၆ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့တွင် ပြောကြားခဲ့သည်။

လူထုတော်လှန်ရေး ဆင်နွဲနေချိန် ကရင်နီပြည်တပ်မတော်သည် လူထုနှင့် တတန်းထဲ ရှိရန်၊ လူထုဆန္ဒကို ဆန့်ကျင်ရေးမပြုလုပ်ကြရန်၊ လူထုနောက် မြီးဆွဲ မလုပ်ရန်၊ လူထုနှင့် မိမိကိုယ်ကိုသာ ယုံကြည်ရမည် ဖြစ်ပြီး ပြည်သူလူထု ဆိုသည့် နေရာတွင် အချောင်သမား၊ နိုင်ငံရေးသမားများ၊ ကိုယ်ကြိုးရှာ စီးပွားရေး အချောင်သမားများ မပါဝင်ကြောင်း၊ ၎င်း အချောင်သမားများကို အထူးသတိထားရန်လိုကြောင်း၊ ကရင်နီပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများလည်း ပထွေးမျှော်ကိုးဝါဒကို မကျင့်သုံးကြရန်လည်း စစ်ဦးစီးချုပ်က သတိပေးထားသည်။

ထို့အပြင်ကရင်နီ ပြည်နယ်တွင် လူငယ်များအနေဖြင့် စစ်အာဏာရှင်ကို လက်နက်စွဲကိုင်ပြီး တော်လှန်စစ် ဆင်နွှဲနေမှုအပေါ် များစွာ ဝမ်းမြောက်သလို လူငယ်ပီပီခံစားချက် များစွာရှိနေမည်ကိုနားလည်သော်လည်း နောင်တချိန် တိုင်းပြည်၏ တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်သောကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို အလေးအနက်ထား လုပ်ဆောင်ကြရန်တိုက်တွန်းထားသည်။

ထို့အတူလူငယ်ရဲဘော်များ၊ တပ်မှူးများ တာဝန်ယူမှု၊ တာဝန်ခံမှုကို နှလုံးသွင်းဆင်ခြင်ပြီး ရှေ့ကို ဆက်လက်ချီတက်သွား ကြရန်နှင့် ကရင်နီပြည်တပ်မတော် ဥပဒေ စစ်စည်းကမ်း၊ အမိန့် ညွှန်ကြားချက်၊ လူထုဥပဒေ၊ ဓလေ့ထုံးတမ်း ဥပဒေများကို လိုက်နာကြရန် စစ်ဦးစီးချုပ်က မှာကြားခဲ့သည်။

#PPV 003
#ကရင်နီပြည်တပ်မတော်နေ့
#ဗိုလ်မှူး ချုပ်အောင်မြတ်
#KA