ခမ်းသားငေါဝ်း
သြဂုတ် ၁၀၊ ၂၀၂၄

စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် ခလယ်ထွီခရိုင်၊ မူးမြို့နယ်တွင် အပြစ်မဲ့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ ဗဟို မှ သြဂုတ်လ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ခလရ ၇၃ မှ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၁း၃၀ အချိန်၌ လက်နက်ကြီး ၁၂၀မမ တလုံး ပစ်ခတ်ခဲ့ရာ ကျောက်ကြီးပေါက်ကျေးရွာသို့ ကျရောက်ပြီး အသက် ၃၄ နှစ်အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် ဩဂုတ်လ ၇ ရက်နေ့ နေ့လည် ၁၂ ခွဲ အချိန်၌ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ-၃၀၇ ရွှေဝါအခြေစိုက်တပ်ရင်း မှ ၁၂၀ မမ ၂ လုံးပစ်ခတ်ခဲ့ရာ ငတိုးခင်ကျေးရွာအတွင်းရှိ ဒေါ်ဝိုင်းတိ အိမ်ရှေ့သို့ ကျရောက်ပေါက်ကွဲပြီး အိမ်ရှင် ဒေါ်ဝိုင်းတိ အသက် (၉၅) နှစ်၏ ဘယ်ခြေသလုံးနှင့် ဘယ်ဘက်ခါး အား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဩဂုတ်လ ၈ ရက်နေ့တွင်လည်းစစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ပစ်ခတ်မူကြောင့် သစ်ဖြူဆိတ်ကျေးရွာအတွင်း ကျရောက်၍ သစ်ဖြူဆိတ်ကျေးရွာနေထိုင်သူ ဦးကြည်အေး အသက် (၆၆) နှစ် သည် ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ပြီး ည ၃နာရီခန့်တွင်လည်း ဒရုန်း ဖြင့် ထပ်မံ ပစ်ခတ်မူကြောင့် သေနတ်ကွင်းရွာထဲသို့ကျရောက်ကာ ဦးတင်ထွန်း၏ လက်တွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ညောင်လေးပင်ခရိုင် ကော်သူးလေအုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်းတွင်လည်း စစ်ကောင်စီမှ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ၊ ဒေသခံများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေလျက်ရှိကြောင်းသိရသည်။

#PPV 003
#KNU
#humanright
#လက်နက်ကြီး