ခမ်းသားငေါဝ်း
မေ ၉ ၊ ၂၀၂၄

ပင်လောင်း နေပြည်တော် ပြည်ထောင်စုလမ်းမကြီးအား စစ်ကောင်စီက ပိတ်ထားသည်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်သောကြောင့် ဒေသခံများ အခက်ခဲဖြစ်နေရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ ကစပြီး နေပြည်တော်မြို့အထိ ပြည်ထောင်စုလမ်းမကြီးကို မေလ၂ ရက်နေ့ကစပြီး စစ်ကောင်စီက ပိတ်ပင်လိုက်သည့်အတွက် ဒေသခံများသွားလာရေး ခက်ခဲကြုံနေရသည်။

“အဓိက အဲလမ်းပေါ် မှာရှိတဲ့ကျေးရွာကလူတွေ အခက်ခဲဖြစ်တယ်။ ကျန်းမာရေးကိစ္စဖြစ်ဖြစ် ကုန်စည် သယ်ဆောင်မှုဖြစ်ဖြစ် ရပ်တန့်လိုက်ရတယ်။ သွားသွားလာလာလည်း သူတို့ ဂိတ်မဖွင့်ပေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ကုန်စည် စီးဆင်းမှုလည်း မရှိခြင်းကြောင့် ပင်လောင်း-နေပြည်တော်လမ်းပေါ်ရှိ ပေါင်းလောင်းမြို့နှင့် ကျေးရွာများတွင် ဆန်၊ဆီ၊ဆေးဝါးနှင့် အဓိက အခြေခံလူသုံးကုန်များ တစ်ဟုန်ထိုးစျေးမြှင့်တက်လာကြောင်းသိရသည်။

“ခုဆို စျေးက တက်တယ် တစ်ချို့ပစ္စည်းဆို စျေးကြီးပေးပြီးဝယ်ရတယ်။ တစ်ချို့ ဆေးဝါးဆို ဝယ်ယူလို့လုံးဝမရတော့တဲ့အထိဖြစ်တယ်။ ဒီလို လမ်းဆက်ပိတ်ထားရင် လူသုံးကုန် ပြတ်လပ်နိုင်တယ်”ဟု၄င်းကဆက်ပြောသည်။

ယင်းလမ်းသည် ပင်လောင်း-လိန်းလီ-ပေါင်းလောင်း-ကင်သာ-နေပြည်တော် သို့ အဓိကဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပြီး ပင်လောင်းမြို့နယ်ရှိ ပေါင်းလောင်းဒေသတစ်ခုလုံးအတွက် အဓိကအားထားရာလမ်းမကြီးလည်းဖြစ်ကြောင်း သိရသည်။

PPV005