ခမ်းသားငေါဝ်း
ဇွန်လ ၁၉၊ ၂၀၂၅
https://www.facebook.com/share/p/16STZ8AHEB/
ဆောင်းပြောင်းဒေသခံအများစုသည် ရွာသို့ပြန်လည်နေထိုင်နိုင်ကြပြီ ဖြစ်သော်လည်း လက်နက်ကြီးသံများကြောင့် လုံခြုံရေးအတွက်စိုးရိမ်နေရသည်ဟု ဇွန်လ(၁၉)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများနေရပ်ပြည်လည်နေထိုင်လာကြပြီး လက်နက်ကြီးသံများကြောင့် လုံခြုံရေးစိုးရိမ်နေရသေးကြောင်း သိရသည်။
“လက်နက်ကြီးသံတော့ကြားရသေးတယ် (၁၇)ရက်နေ့ညက လက်နက်ကြီးဘုရားတောင်အနီးကျသေးတယ် ရွာနဲ့ကဘယ်လောက်မှမဝေးတော့ဘူး လူနေအိမ်ထိနိုင်တယ်၊ ညဘက်အိပ်ရင်လက်နက်ကြီးသံတွေကြားရတော့နေရတာမလုံခြုံဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဒေသခံအချို့သည်အိမ်သန့်ရှင်းရေးပြန်လုပ်ရုံသာပြန်လာနေကြပြီး အချို့ကတောင်ယာရှိ တဲထဲတွင်အိပ်ကာ စပါးပြန်လည်စိုက်ပျိုးနေကြကြောင်းသိရသည်။
“တစ်ချို့ကအိမ်သန့်ရှင်းရေးလုပ်ပြီးပြန်ထွက်ကြတယ် တစ်ချို့ကတောင်ယာဘက်မှာအိပ်ပြီး စပါးပြန်စိုက်ကြပြီ ရွာရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့အခင်းဘက်မှာတော့စပါးပြန်စိုက်လို့ရပြီ တစ်ခြားဘက်ခြမ်းဖြစ်တဲ့ အရှေ့ဘက်တို့ လုံးပြင်ရွာဘက်နဲ့ ဘုရားတောင်အောက်ဘက်တွေတော့ပေးမသွားသေးဘူး”ဟု ၎င်းကဆက်ပြောသည်။
ဒေသခံများကရွာမြောက်ဘက်ရှိစိုက်ခင်းထဲသို့ စိုက်ပျိုးရေးပြန်လုပ်နိုင်ပြီဖြစ်သော်လည်း ကျေးရွာထဲပြန်လည် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များက တောခြံထဲရှိမြေမြှုပ်မိုင်းများ ရှင်းလင်းပေးခြင်း မရှိသလို ဒေသခံများကိုယ်တိုင်မိုင်းတွေ့ပါက ရွာသူကြီးထံသာပြန်လည်အကြောင်းကြားခြင်း ပြုလုပ်နေရကြောင်း သိရသည်။
ထို့အပြင်နေရပ်ပြန်နေသည့်ဒေသခံအချို့သည် နေအိမ်မီးလောင်သည့်ထဲပါသွားသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများဖြစ်နေကြကြောင်း သိရသည်။
တောင်မဲသင်းနှင့် နမ့်နိန်းရွာဘက်ခြမ်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များအင်အားဖြင့်တင်းမှုရှိသလို စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့သည်လည်း စစ်အင်အားဖြည့်တင်းမှုပြုလုပ်နေသောကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံများကစိုးရိမ်နေကြကြောင်း သိရသည်။
#PPV007
#Humanright
#လက်နက်ကြီး
#ဆောင်းပြောင်း
#ပင်လောင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295