ခမ်းသားငေါဝ်း
ဇွန် ၁၇၊ ၂၀၂၅

https://www.facebook.com/share/p/1GDLjZEGWL/

စံကားဒေသတွင် မိုးအဆက်အမပြတ်ရွာသွန်းမှုကြောင့် ပြောင်းခင်းများရေထဲပါသွားသဖြင့် ဒေသခံများက အခက်အခဲများကြုံတွေ့နေရကြောင်း ဇွန်လ(၁၇)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် ဇွန်လဒုတိယပတ်မှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေသခံများစိုက်ပျိုးထားသည့် ပြောင်းခင်းများက တောင်ကျချောင်း ရေများနှင့်အတူ မျှောပါသွားသဖြင့် ပြန်လည်စိုက်ပျိုးရန် အခက်အခဲများရှိနေကြသည်။

“မိုးကနေ့တိုင်းရွာနေတော့ ပြောင်းခင်းတွေလည်းရေထဲအကုန်မျှောပါသွားတာ တစ်ချို့ဆို ခြံတစ်ခြံတည်းမှာပြောင်းမျိုးစေ့ တစ်ထုပ်ကျော်စာလောက်တောင်ပါသွားတာ ပြန်စိုက်မယ်ဆိုလည်း ပြောင်းမျိုးစေ့ကဈေးကြီးတော့ အဆင်မပြေပြန်ဘူး ပြန်မစိုက်ပဲဒီတိုင်းပဲထားတော့ မလားလို့စဥ်းစားထားတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တောင်ကျချောင်းရေများနှင့်အတူ စိုက်ထားတာမကြာသေးသည့် ပြောင်းခင်းများက မျှောပါသွားသဖြင့် ဒေသခံများက သီးနှံမထွက်ခင်ကတည်းကပင် အရှုံးများနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိရသည်။

“ပြောင်းကခုမှစစိုက်တာကို ရေထဲပါသွားတော့ ဘာလုပ်ရမှန်းတောင်မသိတော့ဘူး နည်းနည်းပဲပါသွားတဲ့လူတွေကတော့ သူတို့လက်ကျန်ပြောင်းမျိုးစေ့နဲ့ ထပ်စိုက်တဲ့လူလည်းရှိတယ်၊ တစ်ချို့ကအများကြီးပါသွားတော့ ပြန်မစိုက်တော့ဘူး၊ ပြန်စိုက်တဲ့လူတစ်ချို့ဆို နေ့ဘက်စိုက် ညဘက်မိုးကြီးတော့ ရေထဲထပ်ပါသွားတဲ့လူတွေလည်းရှိ ဒီနှစ်တော့အမြတ်မပြောနဲ့ အရင်းတောင်ပြန်ရမလားမသိဘူး” ဟု၎င်းကဆက်ပြောသည်။

ထို့အပြင်ရေကြီးရေလျှံမှုလည်းဖြစ်သဖြင့် ဘီလူးချောင်းဘေး၌စိုက်ထားသည့် လယ်ခင်းများသည်လည်း ရေမြှုပ်ပျက်စီးခြင်းများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဇွန်လဒုတိယပတ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ညောင်ရွှစသည့်မြို့များတွင် ရေကြီးရေလျှံမှုနှင့်ကြုံတွေ့နေရပြီး ဒေသခံများစိုက်ပျိုးထားသည့် သီးနှံပင်များသည်လည်း ရေမြှုပ်ပျက်စီးခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

#ppv007
ပုံ-အွန်လိုင်း
#စိုက်ပျိုးရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#မိုးအဆက်မပြတ်ရွာသွန်း
#စိုက်ပျိုးထားသည့်ပြောင်းခင်းများ
#တောင်ကျချောင်းရေ
#မျှောပါသွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7