ခမ်းသားငေါဝ်း
ဇွန်လ ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/15ga4LYVPM/
မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် ရှမ်းပြည်တောင်ပိုင်းရှိ မြို့များတွင် ရေကြီးမှုများ ကြုံတွေ့နေ ရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ရွှေညောင်မြို့ ၊ အောင်ပန်း၊ ကလော တို့တွင် ရေကြီး ရေလျှံမှုများကြုံတွေ့နေရပြီး ၊ ဆက်လက်မြင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
“အခု မိုးတွေရွာတာ ရွှေညောင် ၊ ညောင်ရွှေသွားလမ်း ကားလမ်းရေကျော်ပြီ။ ရွှေညောင်ကနေရပ်စောက် သွားလမ်းမှာလည်း လမ်းရေကျော်တဲ့ နေရာတွေရှိတယ်။ ကုန်းလှိုင်ကန်ဘက်ခြမ်းရေကြီးနေပြီ။ အရင်နှစ်က ပေါက်ထားတဲ့ အပေါက်ရှိတဲ့ အတွက် ရွှေညောင်အတွက် သိပ်မစိုးရိမ်ရပေမယ့် အောက်ဘက်ခြမ်းရွာတွေနဲ့ အင်းလေးကန် ညောင်ရွှေတို့တော့နည်းနည်း စိတ်ပူရမယ်။ ”ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ဇွန်လ (၉) ရက်မှ စတင်ရွာသွန်းသော မိုးရေသည် နေ့စဉ် အဆက်မပြတ် ရွာသွန်းနေ၍ တောင်ကျချောင်း ရေများကြောင့် တောင်ကြီး ၊ ရွှေညောင် နှင့် ညောင်ရွှေ တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
တောင်ကြီးမြို့တွင် ဇွန်လ ၁၁ ရက် တနေကုန် ရွာသွန်းသော မိုးရေကြောင့် မင်းလမ်းအပါအဝင် အနိမ့်ပိုင်း ရပ်ကွက်များတွင် လမ်းရေကျော်မှုများ ကြုံတွေ့နေရသဖြင့် ဆိုင်ကယ်နှင့် ကားများ သွားလာရေး ခက်ခဲကြောင်း သိရသည်။
ညောင်ရွှေဒေသခံ တစ်ဦးက “ညောင်ရွှေမြို့ထဲ ကို ရေ အနည်းငယ် ရောက်ပြီဆိုတော့ အင်းလေးကန် အတွက် စိုးရိမ်ရပါတယ်။ ဂရုစိုက်ကြပါ၊ ဆိုင်ခန်းတွေ ရေဝင်တဲ့ အတွက် ပစ္စည်းတွေ သယ်ယူရွေ့ပြောင်းတာတွေ လုပ်နေရပါတယ်။”ဟု ဆိုသည်။
တောင်ကျချောင်းရေများကြောင့် တောင်ကြီးမှ ကျီးဖြူကန် ၊ တာယောချောင်း မှ တဆင့် အင်းလေးကန် အတွင်းသို့ လည်းကောင်း၊ အင်းလေးကန်အနောက် ဘက် ကန်ပတ်လမ်းတွင် တောင်ကျရေကြောင့် အင်းတိန်ချောင်းသည် လည်းကောင်းရေကြီးမှုနှစ်စဉ် ကြုံတွေ့ရသဖြင့် ဂရုစိုက်ရန် လိုအပ်ကြောင်း ဆိုသည်။
ယခင်နှစ် စက်တင်ဘာလတွင် အင်းတိန်ချောင်း တောင်ကျရေကြောင့် နေအိမ်များစွာ ပျက်စီးဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသည့်အပြင် ကလောမြို့နှင့် အောင် ပန်း တို့တွင်လည်း မိုးသည်းထန်စွာ ရွာခြင်းကြောင့် ရပ်ကွက်များအတွင်း လမ်းရေကျော်ခြင်း ရှိကြောင်း သိရသည်။
#PPV-006
#သဘာဝဘေး
#ရှမ်းတောင်
#ရေကြီးရေလျှံမှု
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295