ခမ်းသားငေါဝ်း
ဇွန်လ ၇၊၂၀၂၅

https://www.facebook.com/share/p/1FepqDmu3H/

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့အရှေ့ဖက်ကမ်း နန်းပေါ်လုံကျေးရွာရှိ အသက် ၁၉ နှစ်အရွယ်လူငယ် တစ်ဦးသေဆုံးခဲ့ရပြီး အသက် ၁၂ နှစ် ဝန်းကျင် အရွယ်ကလေးမတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းရှိ နန်းပေါ်လုံကျေးရွာကို ဇွန်လ ၆ ရက်နေ့မနက်ပိုင်းအချိန်က ဖယ်ခုံအခြေစိုက်စစ်ကောင်စီတပ်မှ လက်နက်ကြီး များ ပစ်ခတ်လာခဲ့ခြင်းဖြစ်သည်။

” ရွာကတော့ ၂ ရွာလောက်တော့ထိသွားတယ်၊ ၁၂ အရွယ်ကလေးမတစ်ယောက်တော့ ခြေထောက် ဒဏ်ရာနဲ့ အသက် ၁၉ နှစ်အရွယ်ကောင်လေးကတော့ သေဆုံးသွားပါတယ် ” ဟုဒေသခံတစ်ဦး ကခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသွားသူသည် အသက် ၁၉ နှစ် မောင်ပြည့်ဖြိုးမောင်ဖြစ်ပြီး စစ်ကောင်စီ ၏ဖယ်ခုံအခြေစိုက် တပ်သည်လက်နက် ကြီးများကို နေ့စဥ်ပစ်ခတ်နေကြောင်းသိရသည်။

အခြားဒေသခံတစ်ဦးက ” ဖယ်ခုံတပ်က နေလက်နက်ကြီးပစ်သံတွေနေ့တိုင်းကြားရတယ်၊ အနောက်ဖမ်းကမ်းပစ်လိုက်၊ အရှေ့ဖက်ကမ်းပစ်လိုက်ဘဲ၊ မနေ့ည က ကျတဲ့အလုံးတွေဆိုအသံအကျယ်ကြီးပဲ ၊ ပေါက်ကွဲအားလည်းပိုပြင်းတယ်၊ ခါတိုင်းလို ၁၂၀ မမ ပုံစံမျိုးနဲ့လည်းမတူဘူး၊ သူ့ကျည်ခွံကအရှည်ကြီးပဲ ” ဟုဆိုသည်။

စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေသည့်အပြင် အဆိုပါလမ်းကြောင်း တစ်ကြောတွင်လည်း စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်က အင်အားအလုံး အရင်းဖြင့်စစ်ကြောင်းထိုးလာနေသော ကြောင့် တိုက်ပွဲဖြစ်မည်စိုးသောဖယ်ခုံအရှေ့ဖက်ကမ်းရှိ လွယ်ပေါ နှင့် နန်းပေါ်လုံ ကျေးရွာနေပြည်သူများ စစ်ဘေးရှောင်နေကြကြောင်း ဒေသခံ ပြောပြချက်အရသိရသည်။

စစ်ကောင်စီ သည် အပစ်ရပ်ကြေညာထားသော်လည်း မြေပြင်၌စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းပစ်ခတ်ခြင်းများပြုလုပ်နေကြောင်းသိရသည်။

#PPV 003
#Humanright
#လက်နက်ကြီး
#ဖယ်ခုံအရှေ့ဘက်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295