ခမ်းသားငေါဝ်း
ဇွန်လ ၆၊ ၂၀၂၅

https://www.facebook.com/share/p/1KtPzXmEeb/

ထိုင်းဘာသာစကားဖြင့် ကပ်နှိပ်ထားသော Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူးများ စျေးကွက် အတွင်း ဖြန့်ဖြူးရောင်းချခွင့် ပိတ်ပင်ထားကြောင်း မေလ (၅) ရက် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

ထိုင်းဘာသာစကားဖြင့် ကပ်နှိပ်ထားသော Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်မရှိဘဲ ဈေးကွက်များတွင် တရားမဝင်တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း စိစစ်တွေ့ရှိရကြောင်း ဆိုသည်။

“အရင်လထဲက (FDA) အသိပေးထုတ်ပြန်ထားတာပါ။ အဖြူရောင် ရေလိုပဲ ဖျော်ရည် အမျိုးအစား ၊ Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူး ကို တားမြစ်လိုက်တာပါ။ တခြား တရုတ်က လာတဲ့ မုန့်တွေ အများကြီးကိုလည်း တားမြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး ရပ်ကွက်တွေထဲ ရောင်းတဲ့ စားသောက်ဆိုင်တွေ ဘယ် (FDA) မှ စစ်ဆေးတာ မမြင်ဖူးဘူး။”ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ဆိုသည်။

စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု၊တာဝန်ခံမှုမရှိနိုင်သည့် ၎င်းအစား အသောက်အမယ်အား စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးခြင်းမပြုရန် အသိပေးထားခြင်း ဖြစ်သည်။

ဖြန့်ဖြူး/ရောင်းချသူများအနေဖြင့် ၎င်းအစား အသောက်အမယ်အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါကအမျိုးသားအစားအသောက်ဥပဒေပုဒ်မ၂၈ (က) အရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေး ကြေညာထားခြင်း ဖြစ်သည်။

#PPV-006
#FDA
#အတုအပ
#sprite
#ကုန်ပစ္စည်း