ခမ်းသားငေါဝ်း
ဇွန်လ ၆၊ ၂၀၂၅

https://www.facebook.com/share/p/1AiUMz4wXE/

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးသိမ်းဆည်းခြင်းကြောင့် ဒေသခံများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍ၌ အခက်တွေ့လာရကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုင်စင်မဲ့ကားဖမ်းဆီးခြင်းကို စီမံချက်တစ်ခုအဖြစ် ဇွန်လ (၁)ရက်နေ့မှ ယနေ့အထိ ဖမ်းဆီးသိမ်းဆည်းနေပြီး မြို့ထဲကားများ သွားလာမှု သိသိသာသာ လျှော့နည်းကာ ဒေသခံများအတွက် အခက်ခဲမျိုးစုံ ကြိုတွေ့နေရကြောင်း သိရသည်။

“ခက်ခဲသွားတာ အဖက်ဖက်ပဲဗျ။ ကားရေဆေးဆိုင်တွေမှာလည်း အရင်က ကားများသလောက် အခုက လုပ်ငန်းပါရပ်နားရတော့မဲ့ အခြေအနေထိ ရောက်နေတယ်ကြားတယ်။ တစ်ဖက်မှာလည်း မြို့အနီး အနားရွာနေ တောင်သူတွေလည်း အသီးအရွက် ဟင်းမျိုးစုံကို မြို့ထဲတင်သွင်းရောင်းချတာတွေလည်း အခုရက်ပိုင်းရပ်နားထားရတဲ့ အခြေအနေဆိုတော့ ကုန်ဈေးနှုန်းကြီးတဲ့အထဲ မိသားစု တပိုင်တနိုင်စီးပွားရေးလည်း ထိခိုက်လာတယ်ဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် လိုင်စင်မဲ့ကားများ ဖမ်းဆီးသိမ်းဆည်းမှုများကြောင့် ဒေသခံများ၏ ကျန်းမာရေးကိစ္စနှင့် ပတ်သက်လာလျှင် ဆေးရုံဆေးခန်း လိုက်ပို့ရာ၌ ခက်ခဲမှုတွေ ကြုံတွေ့ရကြောင်း သိရသည်။

ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “အရင်က ကလေးတွေ တခုခုဖြစ်ရင် ပရဟိတအသင်းက ကားတွေခေါ်ပြီး ဆေးရုံဆေးခန်း လိုက်ပို့ဖို့ အကူအညီ‌ တောင်းလို့ရတယ်။ အခုက လိုင်စင်မဲ့ဖမ်းဆီးခြင်းကြောင့် သွားမရတော့ဘူးပြောတယ်။ အဲ့လိုဆိုတော့ ကလေးတွေတခုခု ဖြစ်ရင် ဆိုင်ကယ်နဲ့ အဆင်ပြေသလိုပတ်သွားရတယ်”ဟု ပြောသည်။

တစ်ဖက်တွင်လည်း ကလေးများ ကျောင်းတက်ကာလဖြစ်သောကြောင့် ကလေးကျောင်းကြိုပို့ လုပ်ရာတွင်အများစု လိုင်စင်မဲ့ကားများ ဖြစ်သော ကြောင့် အဆင်မပြေမှု ရှိနေကြောင်း သိရသည်။

“ဒီအခြေအနေက ဘယ်လောက်အထိ ဆက်သွားအုံးမယ် မသိဘူး။ ကလေးကျောင်းကြို ကျောင်းပို့ကလည်း ကားနဲ့မသွားရဘူး။ တောင်းဆိုချင်တယ်ဗျာ တာဝန်ရှိသူတွေကို ‌ဒေသခံတွေ အများစုက(W)ကားပဲ စီးနိုင်ကြတာဗျာ ဝပြည်တို့လို့ ကိုယ့်နယ်အတွင်း စီးလို့ရတဲ့ လိုင်စင်မျိုး လုပ်ပေးလို့မရဘူးလားပေါ့။အခုလိုပဲ ဖမ်းသိမ်းတော့မယ်ဆို အများကြီး နစ်နာတယ်ဗျာ”ဟု ဒေသထံ အမျိုးသား(၁)ဦးက ပြောသည်။

စစ်ကောင်စီသည် ‌လိုင်စင်မဲ့ယာဉ်များကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူရန် နေပြည်တော်မှာ ညွှန်ကြားပြီးနောက် မေလ(၂၉)ရက်ကစပြီး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ညောင်ရွှေ၊ ဟဲဟိုး၊ အောင်ပန်း၊ ရပ်စောက်၊ ဆီဆိုင်တို့ရှိ ဒေသခံများ၏ လိုင်စင်မဲ့ကား၊ဆိုင်ကယ် များစွာ ဖမ်းဆီး သိမ်းဆည်းခံရကြောင်း သိရသည်။

#PPV0011
#Humanright
#လိုင်စင်မဲ့
#ဒေသခံအခက်တွေ့
#တောင်ကြီး