ခမ်းသားငေါဝ်း

ဇွန် ၄၊ ၂၀၂၅

အင်းလေးဒေသ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့မှ လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ဧပြီလနှင့် မေလအတွင်း ပြည်သူနေအိမ် (၃၂)လုံးနှင့်အထက် မီးလောင်ပျက်စီးဆုံးရှုံးရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးမှ ဇွန်လ(၄)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ (၂၀၂၅)ခုနှစ် ဧပြီလနှင့်မေလအတွင်း ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး (၇၁)ကြိမ်၊ ဒရုန်းဖြင့် (၄၆)ကြိမ်နှင့် လေကြောင်း တိုက်ခိုက်မှု(၂)ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“စစ်ကောင်စီနဲ့ PNA တွေက သူတို့ပြန်လည်ထိန်းချုပ်ပြီးရင် ကျေးရွာနေအိမ်တွေကို မီးရှို့တယ် ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတယ် ဒါတွေကို ကျွန်တော်တို့ဘက် စနစ်တကျ အတည်ပြု မှတ်တမ်းတွေ လိုက်ကောက်ထားဖို့လိုတယ်”ဟု အင်းလေးဒေသ လူ့အခွင့်အရေးမှ တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတို့ဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် နေအိမ်(၃၂)လုံးနှင့်အထက် မီးလောင်ပျက်စီး၊ ဘာသာရေးအဆောက်အအုံး (၁၁)လုံး ထိမှန်ပျက်စီးကာ ခန်းမဆောင်(၂)လုံး ပျက်စီးသည့်အပြင် ရွာသား အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုတွင် ပေါင်(၅၀၀)ဗုံး (၄)လုံးနှင့်အထက် ကျဲချတိုက်ခိုက်ခဲ့ပြီး ပြည်သူနေအိမ်များကို မီးရှို့သည့်အပြင် စန့်စွဲရွာသား ရှမ်းလူမျိုး အသက်(၅၀)အရွယ် ဦးစိန်ဆိုသူကိုလည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့မှ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသ ထီခိုးနှင့် ဘုရားတောင်ရွာမှာ ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အင်းလေးဒေသ
#ညောင်ရွှေမြို့နယ်
#ပင်လောင်းမြို့နယ်
#လက်နက်ကြီးလေကြောင်း
#ဒရုန်းတို့ဖြင့်တိုက်ခိုက်
#ပြည်သူနေအိမ်
#မီးလောင်ပျက်စီးဆုံးရှုံး
#အင်းလေးဒေသလူ့အခွင့်အရေး

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7