ခမ်းသားငေါဝ်း
မေလ ၂၆၊ ၂၀၂၅
https://www.facebook.com/share/p/1AgStMmDEd/
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အရှေ့ဘက် ၈ မိုင်အကွာရှိ မှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းလုပ်ငန်းများကို အောင်မြင်ပြီးမြောက်သည့်အထိ ဆောင်ရွက်သွားမည်ဟု ရုရှားအစိုးရပိုင် TPE Co,ကုမ္ပတီမှ ကျွမ်းကျင်ပညာရှင်အဖွဲ့က ပြောလိုက်ကြောင်းသိရသည်။
စက်ရုံအတွက် လိုအပ်ချက်၊ အခက်ခဲများကိုလည်း ဖြေရှင်းကျော်လွှားနိုင်ရေး ပူးပေါင်းညှိနိုင်းဆောင်ရွက်သွားမည်ဟုလည်း TPE အဖွဲ့ခေါင်းဆောင်က စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်တွေ့ဆုံချိန်မေလ ၁၇ ရက်နေ့ ကပြောဆိုခဲ့ ကြောင်း စစ်ကောင်စီသတင်းမီဒီယာက ဖော်ပြထားသည်။
TPE ကျွမ်းကျင်ပညာရှင်အဖွဲ့အနေနှင့် ပင်းပက်သံမဏိစက်ရုံလည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air separation Unit တွင်တပ်ဆင်ထားသည့် စက်ကရိယာများကို စစ်ဆေးခြင်းနှင့် အပြီးသတ် စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟုသိရသည်။
‘’စစ်ကောင်စီက ပင်းပက်သံမဏိစက်ရုံကို အလော တကြီးလုပ်ဆောင်လာခြင်းဟာ ရုရှားနဲ့ဆက်ဆံရေး သူတို့ကတိကဝတ်ချုပ်ဆိုတာရှိတယ်၊ ဒီပင်းပက်စီမံကိန်းဟာ စစ်ဘက်ဆိုင်ရာအထောက်ပံ့ဖြစ်စေဖို့ သူတို့လုပ်ဆောင်ခြင်းလို့မြင်တယ်၊ ပအိုဝ်းဒေသမှာ နမူနာကောင်းအနေနဲ့ ရုရှားမျက်နှာမပျက်အောင် သူတို့လုပ်ပြဖို့ လိုတယ်လို့မြင်တယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူ ခွန်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီ၏ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကလည်း ပင်းပက်သံမဏိစက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် လာရောက်သည့် ရုရှားနိုင်ငံမှ ပညာရှင်များကို ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံက ယခင်ကတည်းကပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဟာ ရေရှည်တည်တံနိုင်မည်ဟုယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
‘’ ဗဟိုဦးစီးပြီး စစ်ကောင်စီကစီမံကွပ်ကဲတဲ့စီမံကိန်းတွေမှာ မြေပြင်မှာရှိနေတဲ့ ပြည်သူတွေက ဒုက္ခရောက် ကြရတယ်၊ မြေသိမ်းယာသိမ်းအပါအဝင် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာ မှုကအစပေါ့ လူမှုစီးပွားတွေတကယ်မတိုးတက်ပါဘူး၊ အဲတော့ဒီလိုမျိုးစီမံကိန်းတွေက အာဏာရှင်နဲ့အတူတူ သွားပြီး သက်ဆိုးရှည်နိုင်တဲ့ စီမံကိန်းအတွက်ကြောင့်မို့လို့ ဒါက ရပ်ဆိုင်းထားဖို့ကပိုပြီးလိုအပ်တယ်”လို့ ခွန်ဦးက ဆက်ပြောသည်။
ပင်းပက်သံမဏိစက်ရုံစီမံကိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က ယူရို ၁၃၇ သန်းတန်ကြေးရှိသည့် သဘောတူစာချုပ်- ချုပ်ဆိုခဲ့ပြီး လက်ရှိ တပ်ပိုင်စီးပွားရေးလုပ်ငန်းရှင် မြန်မာ့စီးပွားရေးကော်ပိုရှေးရှင်း(MEC) နှင့် ရုရှားအစိုးရပိုင် TPE တို့ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ပင်းပက်သံမဏိစီမံကိန်းစက်ရုံမှ နိုင်ငံတော်သို့ လျှပ်စစ်ဓါတ်အားအသုံးပြုခ ကြွေးကျန် ပေးဆောင်ရန် ကျပ်သိန်းပေါင်း ၅၈၀ ကျော်ကျန်ရှိပြီးမပေးဆောင်နိုင်ခြင်းကြောင့် ပြည်ထောင်စုလွတ်တော်အစည်းဝေးဆုံးဖြတ်ချက်မှ စီမံကိန်းတည်ဆောက်မှု ရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက်တွင်စီမံကိန်းပြန်လည်စတင်နိုင်ရေး စီမံကိန်းအတွက် ယူရို ၁၀ ဒသမ ၅ သန်းတန်ဖိုးရှိသည့် နည်းပညာအကူညီများကို ရုရှားကထောက်ပံ့ပေးပြီး စီမံကိန်းကြီးကြပ်ရန် ကော်မတီကို ၂၀၂၂ ခုနှစ်ဧပြီလတွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
#ppv002
#နိုင်ငံရေး
#ပင်းပက်သံမဏိစက်ရုံ
#စီမံကိန်း
#ရုရှား
#စစ်ကောင်စီ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။