ခမ်းသားငေါဝ်း၊
မေလ ၁၉ ၊ ၂၀၂၅
https://www.facebook.com/share/p/16KVttZCiN/
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာတွင် စစ်ကောင်စီကတစ်အိမ် တစ်သောင်းကျပ် ပုံမှန်ကောက်သလို ရွာသားများဖုန်းအလုံး နှစ်ထောင်ကိုလည်းသိမ်းထား ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် နွားဘန်းကြီးကျေးရွာ၌ တပ်စွဲထားသည်မှာ (၂)နှစ် နီးပါးကြာမြင့်ပြီဖြစ်ပြီး ကျေးရွာသားများကို ရွာပြင်မထွက်ခိုင်းခြင်း၊ရွာပြင်ထွက်လျှင် ထောက်ခံစာ စာရွက်ယူဆောင်သွားရကြောင်း ဒေသခံများထံမှ သိရသည်။
“ကျနော်တို့ နွားဘန်းကြီးရွာကို သွားမလည်ရဲဘူး။စစ်သားတွေလည်း ရာချီတယ်။ အဲရွာက လူတွေလည်း အပြင်ပေးမထွက်ဘူး။ထွက်ရင်လည်း ဘယ်ချိန်ပြန်လာမယ်ဆိုပြီး စာရွက်ယူထွက်ရတာ။အရမ်းဆိုးတယ် အဲဖက်ရွာ။ စစ်တပ်ကလည်း အနီးနားရွာတွေကို နေ့တိုင်းစစ်ကြောင်းထိုးနေတာ။” ဟု ဒေသခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
အလားတူ ရွာငံမြို့နယ် မျှားကလေးရွာ၊ အင်တောရွာနှင့် လယ်ကိုင်းရွာတို့တွင်လည်း တစ်အိမ်ကို ကျပ်(နှစ်သောင်း)နူန်းဖြင့် လစဉ်စစ်ကောင်စီကို ပေးဆောင်နေရကြောင်း မေလ (၁၉)ရက်နေ့က DSNDA ထုတ်ပြန်ထားသည်။
မေလ (၁၅)ရက်နေ့တွင်လည်း ရွာငံမြို့နယ် ဂွေးပင်ကျေးရွာနှင့် တောင်ဦး ကျေးရွာများတွင် သေနတ်များဖြင့် ပစ်ခတ်ဖောက်ကာ ရွာအတွင်းသို့ ဝင်လာပြီး ရွာသူ၊ရွာသားများကို စာသင်ကျောင်းသို့ခေါ်၍ အိမ်များကို ဝင်ရောက်မွှေနှောက်ကာ ငွေသားများယူဆောင်သွားကြောင်းသိရသည်။
ထို့အပြင် ရွာသားများကိုလည်း လက်ပြန်ကြိုးတုတ်ကာ မြေပြင်ပေါ် မှောက်ချခိုင်း၍ ရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု DSNDA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#PPV-008
#Humanright
#ရွာငံ
#နွားဘန်းကြီးရွာ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။