ခမ်းသားငေါဝ်း
မေလ ၈၊၂၀၂၅
https://www.facebook.com/share/p/1Kr1uxg3kd/
ဆောင်းပြောင်းရွာတွင် စစ်ကောင်စီကရွာစောင့်သူများကို သေနတ်တပ်ဆင်ပေးပြီး ၎င်းတို့ကရွာသားများကို သေနတ်ဖြင့်ပြန်လည်ခြိမ်းခြောက်နေကြောင်း မေလ (၈)ရက်နေ့တွင်ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့ တပ်စွဲနေရာယူထားပြီး ရွာသားအချို့ကိုလည်း ရွာစောင့်အဖြစ်ထားကာ ၎င်းတို့ကို စစ်ကောင်စီက သေနတ်ပါတပ်ဆင်ပေးထားကြောင်း သိရသည်။
“အရင်စစ်ဖြစ်တုန်းက ရွာစောင့်ဆိုပြီးတစ်ချို့ယောက်ျားလေးတွေက အရင်ပြန်ရတယ်၊ အဲ့ပြန်တဲ့ကောင်တွေ အခုကအကုန်လုံးတပ်ထဲရောက်ကုန်ပြီ သူတို့ကိုသူများက တပ်စားလို့ခေါ်ကြတယ် အခုသူတို့လက်ထဲ သေနတ်တွေရလာတော့ ရွာလူကြီးတွေပြောတာလည်း သူတို့နားမထောင်ကြတော့ဘူး သေနတ်ဖောက်ပြီး ပြန်ခြိမ်းခြောက်တာမျိုးတောင် လုပ်သေးတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
သေနတ်ကိုင်ဆောင်ထားသည့် ရွာစောင့်များက ရွာလူကြီးများကို သေနတ်ပတ်ဖောက် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ကျေးရွာထဲတွင် ရွာသူကြီးမရှိတော့ပဲ ရွာသူကြီးလုပ်ချင်သည့်သူများလည်း မရှိကြတော့ကြောင်း သိရသည်။
“အခုရွာထဲပြန်နေတဲ့သူတွေက ဗမာစစ်သားနဲ့ PNOစစ်သားတွေကမဘူး ကိုယ့်ရွာသားအချင်းချင်းကိုရော တောင်ဘက်ကလူတွေကိုရော ကြောက်နေရတယ် အခုကရွာထဲမှာ ဗမာစစ်သားနဲ့ PNOတွေ ရှိနေတော့လေ တောင်ဘက်ကလူထပ်လာတိုက်မှာလည်း စိုးရိမ်ရတယ်” ဟု၎င်းကဆက်ပြောသည်။
ဆောင်းပြောင်းကျေးရွာထဲတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့ တပ်စွဲနေထိုင်ထားသော်လည်း တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့်လက်နက်ကြီးကျည်ဆံများကို ယခုချိန်ထိ တာဝန်ယူရှင်းလင်းပေးခြင်း မရှိသဖြင့် ဒေသခံများက လက်နက်ကြီးကျည်ထကွဲမည်ကိုလည်း စိုးရိမ်နေရကြောင်း သိရသည်။
ထို့အပြင်စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ယောက်ျားလေးမရှိသည့်နေအိမ်များတွင် ရွာစောင့်ရန်အတွက် လူငှါးပေးရသည်ဟုဆိုကာ တစ်အိမ်(၅) သိန်းဆက်ကြေးကောက်ခံခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။
#PPV007
#Humanright
#ဆောင်းပြောင်း
#PNO
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။