ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ခိုမုန်းရွာအနီး စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ နှင့် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် TNLAတို့အကြား သြဂုတ်လ(၂၈)ရက် နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
သြဂုတ်လ(၂၈)ရက်နေ့ နံနက်ပိုင်း (၈)နာရီအချိန်မှ
ညနေ(၅)နာရီအချိန်ထိ မူဆယ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ ၅ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် TNLA တပ်ရှိရာကိုစစ်ကြောင်း(၃)ကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က မနက်ပိုင်း ၈ နာရီလောက် ကတည်းက မူဆယ်ပြည်သူ့စစ်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်က ကျွန်တော်တို့ရှိတဲ့နေရာကို ထိုးစစ်တက်လာလို့ဖြစ်ရတာပါ၊ ညနေပိုင်း ၅နာရီအထိ တစ်နေ့လုံးနီးပါးဖြစ်ပွားတယ်၊ ဒီနေ့စစ်ရေးအခြေအနေကတော့တင်းမာနေဆဲပါ”ဟုTNLAတပ်မှ ပြောရေးဆိုခွင့်ရှိ သူ ဒုဗိုလ်မှူးတားအိုက်ကျော်က ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီတပ်မ ၉၉၏ လက်အောက်ခံဖြစ်သည့် လုံထန်ပြည်သူ့စစ်၊ရှောက်ဟော်ပြည်သူ့စစ်၊နမ့်ခမ်းမြို့မပြည်သူ့စစ် အမှတ် ၁၊၂၊၃အပါ စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ခဲ့ကြောင်း ဆိုသည်။
ထိုအပြင် နမ့်ဖက်ကာ အခြေစိုက်သည် ခမရ ၁၂၃ တပ်ကလည်း တိုက်ပွဲဖြစ်ပွားရာ တရုတ်-မြန်မာနယ်စပ် ခိုမုန်းကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ကူရှိနေကြောင်း သိရသည်။
ယနေ့သြဂုတ်လ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်၌ လည်း နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်မှု အသေးစိတ်အတည်မပြုနိုင်သေးပေ။
မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးကလည်း”မနေ့ကခိုမုန်းဘက်မှာ တစ်နေကုန်နီးပါးဖြစ်တာ၊ဒီမနက်ကလည်း ဇယ်လန့်ဘက်မှာ အတော်ပြင်းထန်တယ်လို့ကြားမိတယ်၊မိုးလည်းရွာတော့ တိုက်ပွဲအကြောင်းအသေးစိတ်မသိရှိသေးဘူး”ပြောသည်။
ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် TNLA တအာင်းတပ်ကြား တိုက်ပွဲဖြစ်ပွားမှု (၁၅)ကြိမ်ရှိပြီး ယခုတလော ရှမ်းမြောက်ရှိ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုးမြို့နယ်များတွင် စစ်ကောင်စီတပ်က အင်အားပိုမိုဖြည့်တင်းလာနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed