၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ရက်

ခမ်းသားငေါဝ်း/ MFCN / The Red Flag

Fact Checking – အချက်အလက်စစ်ဆေးခြင်း

လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လက လှုမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နှံခဲ့ပြီး ပြုပြင်ဖန်တီးထားတဲ့ ဓါတ်ပုံဟာ ယခုအခါဖေ့ဘွတ်နဲ့ တီတော့ ပလက်ဖောင်းတို့ပေါ်မှာ နောက်တစ်ကြိမ် ထပ်မံ ဖြန့်ဝေနေကြတာကို တွေ့ရှိရပါတယ်။

အဲဒီပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံအဟောင်းဟာ “ ချင်းတပ်အမည်ခံ ချင်းသူပုန် CNA/F ချင်းပြည်သူလူထုမှ အလိုမရှိ ချင်းပြည်နယ်မှ ထွက်ခွာပေးပါရန်။ မင်းတပ်မြို့ မတူပီမြို့တို့မှ CNF ထွက်ခွာပေးပါရန်” စတဲ့ စာတန်းပါ ကိုင်ဆောင်ဆန္ဒပြနေတဲ့ဓာတ်ပုံကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ရက်နေ့မှာ ထပ်မံဖြန့်ဝေလာကြတာ ဖြစ်ပါတယ်။

ဒီကြောင်းအရာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ရဲ့ သတင်းနဲ့ပြန်ကြားရေး ခွန်ဆန်းအောင်ပိုင်ဆိုင်တဲ့ PA-O PAY ဖေ့ဘွတ် အကောင့်က ထပ်မံဖြန့်ဝေတာဖြစ်ပြီး ပထမဖြန့်ဝေမှုဟာ လွန်ခဲ့တဲ့၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က Chinland Journal ဖေ့ဘွန်ပေ့စ် က စတင်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

၎င်းထပ်မံဖြန့်ဝေထားတဲ့ ဓာတ်ပုံဟာ တုံ့ပြန်မှု ရီအက်ပေးသူ ၁ ရာဦးကျော်ရှိပြီး ထပ်ဆင့်ဖြန့်ဝေသူ ၃ ဦးရှိနေပါတယ်။

Photoshop ပုံ ဖြန့်ဝေထားသည့် လင့် – https://archive.ph/aF9PY
Photoshop ပုံ ဖြန့်ဝေထားသည့် လင့် – https://archive.ph/JhEoP

ထပ်မံ ဖြန့်ဝေလာတဲ့ အကြောင်းအရာကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ Google Search image နဲ့ စစ်ဆေးကြည့်တဲ့အခါ အဲဒီဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က ဓာတ်ပုံအဟောင်းကို ပြန်လည် ပြုပြင်ထားကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

စိစစ်ချက်

၎င်းဖြန့်ဝေထားတဲ့ စာတန်းပါဆိုင်းဘုတ် ကိုင်ဆောင်ဆန္ဒပြနေတဲ့ဓာတ်ပုံကို Google Lens မှာ ရှာဖွေစစ်ဆေးကြည့်တဲ့အခါ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က အိန္ဒိယနိုင်ငံမှာ ချင်းပြည်သူရဲ့ ဆန္ဒပြမှုတစ်ခုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

မူရင်း ဓာတ်ပုံအကြောင်းအရာမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်ခြမ်းရောက် ချင်းစစ်ဘေးရှောင်ပြည်သူအချို့တွေက ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အာရက္ခတပ်တော်(အေအေ)ကို ချင်းပြည်နယ်က ထွက်သွားဖို့ ၂၀၂၄ ခုနှစ် သြဂုတ် ၁၀ ရက်တုန်းက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်းကို BBC Burmese သတင်းမှ ဖော်ပြထားပါတယ်။

မူရင်း BBC Burmese သတင်းလင့် – https://shorturl.at/YUfCu

အဲဒီဆန္ဒပြပွဲမှာ လောင်တလိုင်ရှိ ချင်းစစ်ဘေးရှောင်တွေက ချင်းလန်းကောင်စီ (ချင်းပြည်အစိုး) အဖွဲ့ကိုသာ ထောက်ခံပြီး ချင်းပြည်အတွင်း စစ်ရေးအကူအညီပေးနေတဲ့ အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနဲ့ ချင်းပြည်ထဲက ထွက်ခွာပေးဖို့ တောင်းဆိုနေကြခြင်းဖြစ်ကြောင်းကို Western News မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့မှာ ဖော်ပြထားပါတယ်။

Western News သတင်း လင့် – https://shorturl.at/huZ7L

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ အာရက္ခတပ်တော်(AA) က Kala၊ Lasing၊ Valangte နှင့် Valangpi တို့ ကျေးရွာမှာ တပ်စွဲနေရာယူတာကြောင့် ရွာသူ/သားများ ထွက်ပြေး တိမ်းရှောင်နေရတာတွေ၊ ရွာသား/သူ တွေကိုလည်း ပစ်သတ်တာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိတာကြောင့် မတူပီအပါအဝင် ချင်းပြည်ပိုင်နက်နယ်မြေကနေ AA ကို ထွက်ခွါသွားပေးဖို့ ချင်းပြည်သူ ၇၀၀ ကျော်မှ ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်းကို Chinland News က ဩဂုတ်လ ၁၁ ရက်နေ့မှာဖော်ပြထားပါတယ်။

Chinland News သတင်းလင့် – https://shorturl.at/bqvfc

သုံးသပ်ချက်

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ရက်နေ့မှာ အိန္ဒိယနိုင်ငံရောက် ချင်းစစ်ဘေးရှောင်ပြည်သူတွေက အာရက္ခတပ်တော်(အေအေ)ကို ချင်းပြည်နယ်က ထွက်သွားဖို့ ဆန္ဒပြခဲ့သည်မှာ သတင်းအမှန်ဖြစ်ပါတယ်။

PNO ပြည်သူ့စစ်ရဲ့ သတင်းပြန်ကြားရေး ဖြန့်ဝေထားတဲ့ ချင်းပြည်သူလူထုတွေက ချင်းတပ် CNA/F ကို အလိုမရှိ၊ ချင်းပြည်နယ်မှ ထွက်ခွာပေးပါရန် ဆန္ဒပြဆိုတဲ့ အကြောင်းအရာဟာ ပြုပြင်ဖန်တီးထားတဲ့ သတင်းအမှား ဖြစ်ပါတယ်။ ဓာတ်ပုံအဟောင်းကို အသုံးပြုပြီး Photoshop နဲ့ ပြန်လည်ပြုပြင်ရေးသားထားတဲ့ အကြောင်းအရာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

အဲဒီလို သတင်းအမှားတွေ ဓာတ်ပုံအဟောင်းတွေကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ရဲ့ သတင်းနဲ့ပြန်ကြားရေး ခွန်ဆန်းအောင်က သူရဲ့လူမှုကွန်ယက်ပေါ်မှာ ရည်ရွယ်ချက်ရှိရှိ မကြာခဏဖြန့်ဝေနေလေ့ရှိကြောင်းကို ယခင်စစ်ဆေးမှုလင့်မှာ ဖတ်ရှု့နိုင်ပါတယ်။

ယခင်အချက်လက်စစ်ဆေးထားမှုများ
https://www.facebook.com/share/v/167KpmfSUi/
https://www.facebook.com/share/p/1VNeSVe7Lx/
https://www.facebook.com/share/p/15fzowCpvb/

#သတိပြုရန်

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေနဲ့ အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ တွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတို့ကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာ ကြတဲ့ ဝါဒဖြန့်ချိသူတွေ ကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။

သတင်းအကြောင်းအရာနဲ့တွဲပြီး သတင်းဓါတ်ပုံပါရှိသော်လည်း ပြည်သူများအနေနဲ့ ချက်ချင်းမယုံဘဲ ဓါတ်ပုံတွေကို လည်း စစ်ဆေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း