ခမ်းသားငေါဝ်း
ဧပြီ ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/1NdPr8Taqu/

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် လင်းဝေးကျေးရွာ အုပ်စု ပါယ်ကင်း ကျေးရွာတွင် ပျူစောထီး၏သားအပါအဝင် ပျူစောထီး(၄)ဦးအသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ဧပြီလ(၁၂)ရက်နေ့ မနက် (၁)နာရီအချိန်တွင် ပါယ်ကင်းရွာ နေ ပျူစောထီး (၃)ဦး၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင်များ ဝင်ရောက်ကာ သတ်ဖြတ်သွားခဲ့ပြီး အဆိုပါ အသတ်ခံရသည့် ပျူစောထီး တစ်ဦး၏ သားဖြစ်သူကိုပါ သတ်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“အသတ်ခံရတဲ့ ပျူစောထီးတွေက ဒေသခံလည်း ပါတယ်။တစ်ယောက်က ဗမာ သူက ပါယ်ကင်းမှာ အိမ်ထောင်ကျတာ။ သူ့သားက (၈)တန်းဖြေထားတယ် သူ့သားကိုပါ သတ်သွားတာ။ ပျူစောထီးတွေက တော်တော်ဆိုးတယ်။ သေနတ်ကိုင်ပြီး အာဏာတွေလည်းပြ တစ်ချို့ဆို သူ့ကြောင့် အဖမ်းခံရတာရှိတယ်။” ဟု ဒေသခံ အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်း ကို ပြောသည်။

ထို့အပြင် အဆိုပါ ပျူစောထီး (၄)ဦး အသတ်ခံရပြီး နောက်ပိုင်း အနီးနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး တပ်စွဲထားမှုများ လုပ်ဆောင်နေလျှက်ရှိသည်ဟု သိရသည်။

ဒေသခံအမျိုးသမီး တစ်ဦးကလည်း“ကျွန်မတို့ ရွာမှာဆို စစ်သားတွေ တပ်လာစွဲထားတယ်။အင်အား (၁၀၀)လောက်ရှိမယ်ထင်တယ်။သူတို့ကိုကြောက်လို့ လက်ဖက်ခြံတောင် မသွားရဲဘူး။တော်ကြာ စစ်ကြောင်း နဲ့တွေ့ပြီး အရိုက်ခံ အဖမ်းခံရမှာလည်း ကြောက်တယ်။”ဟု ပြောသည်။

ရွာငံမြို့နယ်တွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးထားပြီး စစ်ကြောင်းထိုးမှုများ မကြာခဏ လုပ်ဆောင်လာကာ ဒေသခံများ စစ်ပွဲဖြစ်ပွားမည်ကိုကြောက်လန့် နေကြရသည်ဟု သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့တွင်လည်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အရပ်သား တစ်ဦးတို့ သေနတ်ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ရသည်။

#PPV-008
#နိုင်ငံရေး
#ရွာငံ
#လင်းဝေး
#ပါယ်ကင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။