ခမ်းသားငေါဝ်း
ဧပြီ ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/12KB5huikQq/

လားရှိုးမြို့တွင် ကိုးကန့်တပ်မှ ဖမ်းမိထားသော စစ်သုံ့ပန်းများကို ထောင်တွင်းမှ နေရာပြောင်းရွှေ့မှု လုပ်ဆောင်နေကြောင်း ဧပြီလ(၁၉)ရက်က သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယခုရက်ပိုင်း ကိုးကန့်တပ်မှ မြို့တွင်းဆုတ်ခွာကာ စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည်ဝင်ရောက်မည်ဟူသည့် သတင်းထွက်ပေါ်နေပြီး မြို့ရှိကိုးကန့်တပ်က ဖမ်းဆီးထားသော စစ်သုံ့ပန်းများကို ထောင်တွင်းမှ ပြောင်းရွေ့မှု လုပ်ဆောင်နေကြောင်း ဒေသခံထံမှ သိရသည်။

“ဘယ်ကိုရွှေ့လဲဆိုတာကိုတော့ တိတိကျကျမသိရဘူး။ ကားများနဲ့ ပြောင်းရွှေ့နေကြတာတော့ တွေ့ရတယ်။ တချို့ကြတော့လည်း လောက်ကိုင်ကို ပြောင်းရွှေ့တယ်လို့ ပြောကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ထဲတွင် MNDAA ဘက်မှ ဝန်ထမ်းများနှင့် CDM များအနေဖြင့်(၂၀)ရက်အထိသာ ရုံးတက်ခိုင်းပြီး (၂၀)ရက်နောက်ပိုင်းတွင် စစ်ကောင်စီ၏ သက်ဆိုင်ရာဌာနများမှ ဝင်ရောက်လာမည် ဖြစ်ကြောင်း သိရသည်။

“သတင်းကတော့ အမျိုးမျိုးပေါ့ သိကြတဲ့အတိုင်းပဲ။ ကိုးကန့်ဖက်က ဝန်ထမ်းတွေကတော့ (၂၀)ရက်အထိပဲ ရုံးတက်ရမယ် ပြောတာပဲ။ ဒီရက်မတိုင်ခင်ကတည်း ကိုးကန့်ဖက်က ဝန်ထမ်း CDM အချို့တော့ ပြောင်းရွှေ့နေကြတာမျိုးလည်း ရှိတယ်။ ဖြစ်လာရင် ဖြစ်လာတဲ့အချိန်မှ မဟုတ်ရင် ကျွန်တော်တို့လည်း အတည်မပြုနိုင်ဘူး။ ဆေးရုံကြီးတော့ ပိတ်ထားတယ်။ အရေးကြီးလူနာနဲ့ ရက်ချိန်းလူနာကိုတော့ သိန္နီမြို့ကိုသွားပြီးပြဖို့ ပြောတယ်။”ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသား(၁)ဦးကလည်း ပြောသည်။

ယမန်နေ့ ဧပြီလ(၁၈)ရက်မှာ လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်သည့် ကိစ္စကြောင့်ဟု ဆိုကာ လားရှိုး-‌နောင်မွန်-မယ်ဟန်-နမ့်ပေါင်လမ်းကို မနက်(၅)နာရီကျော်က ပိတ်ထားခဲ့ရာ မနက်(၁၁)နာရီဝန်းကျင်တွင် ပြန်လည် ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။

“မနေ့ စစ်ကောင်စီဖက်က ပြန်ဝင်လာမယ်ဆိုတဲ့သတင်းနဲ့ လမ်းတွေ ခဏပိတ်တယ်ကြားတယ်။ ဝင်လာပြီရော၊ မဝင်သေးဘူးရော ပြောနေကြတာ အမျိုးမျိုးပဲ။ မနေ့က ညနေပိုင်းထဲ တိုက်လေယာဉ်ဝဲတာ‌ တော့ရှိတယ်။ မြို့ထဲတော့ အခုချိန်ထိ ပုံမှန်ပဲတွေ့ရတယ်။ စစ်ကောင်စီတပ်ပြန်ဝင်လာသည်ကိုတော့ မတွေ့ရသေးဘူး”ဟု အဆိုပါ အမျိုးသားက ထပ်ပြောသည်။

MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ထိန်းချုပ်ထားသော လားရှိုးမြို့ကို တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် မြို့တွင်း စစ်ကောင်စီ ပြန်လည်အုပ်ချုပ်မည် ဆိုသော်လည်း ကိုးကန့်တပ်နှင့် စစ်ကောင်စီတို့ နှစ်ဖက်လုံးမှာ ယနေ့အထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

လားရှိုးမြို့ကို MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့က (၂၀၂၄)ခုနှစ် ဩဂုတ်လ(၃)ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

#PPV0011
#နိုင်ငံရေး
#လားရှိုး
#MNDAA

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။