စစ်သင်တန်းမတက်ရသည့် ထီခိုးရွာအမျိုးသမီးများကို PNO ကရှေ့တန်းတွင် ကင်းစောင့်ခိုင်းနေ
……………………………………….
ခမ်းသားငေါဝ်း
ဧပြီ ၈၊ ၂၀၂၅
https://www.facebook.com/share/p/1BsBFTHGLD/
စံကားဒေသရှိ ထီခိုးရွာသားများသည် အလှည့်ကျရှေ့တန်းတွင် ကင်းစောင့်နေရပြီး စစ်သင်တန်းမတက်ရသည့် အမျိုးသမီးများလည်း ကင်းစောင့်ပေးနေရကြောင်း ဧပြီလ (၈)ရက်နေ့တွင် ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ ထီခိုးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲနေရာယူထားသဖြင့် ကျေးရွာပြန်လည်သိမ်းပိုက်နိုင်ရေးဟုဆိုကာ PNO ပြည်သူ့စစ်က ရွာသားများကို ရှေ့တန်းစစ်မြေပြင်အနီးတွင် ကင်းစောင့်ခိုင်းနေပြီး အမျိုးသမီးများလည်းကြောင်း သိရသည်။
“ထီခိုးရွာသားတွေဆိုရင်တစ်ပတ်ကိုအယောက်(၃၀)ရှေ့တန်းထွက် ကင်းစောင့်ရတယ်၊ တစ်ခုလပ်တို့ မုဆိုးမတို့ဆိုလည်း အိမ်မှာယောက်ျားလေးမရှိရင် သူတို့လည်းသွားရတယ် ကြေးစားခေါ်နိုင်တဲ့လူကခေါ် မခေါ်နိုင်တဲ့လူကတော့ ကိုယ်တိုင်သွားရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထီခိုးရွာပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ထီခိုးရွာအရှေ့ဘက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အခိုင်အမာတပ်စွဲနေရာယူထားပြီး ထီခိုးဒေသခံများသည်လည်း ၎င်းတို့နှင့်အတူ ကင်းစောင့်ပေးနေရကြောင်း သိရသည်။
“ရွာမှာက ယောက်ျားလေးတောင် စစ်သင်တန်းအကုန်မတက်ရတာကို မိန်းကလေးဆိုပိုဆိုးပေါ့ အခုကစစ်ဘေးလည်းရှောင်ရတယ် ရှေ့တန်းမှာလည်းအလှည့်ကျစောင့်ပေးရတယ် သွားစောင့်ပေးနေကြတဲ့ မိန်းကလေးတွေက သေနတ်တောင်ပစ်တတ်ကြလားမသိ စိတ်လည်းပူမိတယ်”ဟု ၎င်းကဆက်ပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးက “အခုက စစ်ကောင်စီနဲ့ PNO က ထီခိုးရွာကိုပြန်သိမ်းချင်နေတာဆိုတော့ ထီခိုးရွာသားတွေဆို သူတို့နဲ့အတူရှေ့တန်းစောင့်ခိုင်းတယ် ကျွန်တော်တို့ဆို ထီရီးဘက်မှာပဲစောင့်ပေးရတာ”ဟု ခမ်းသားငေါဝ်းကိုပြောသည်။
ထီခိုးရွာအရှေ့ဘက်မှာရှိသည့် စစ်ကောင်စီတပ်ဖွဲ့များက ဧပြီလ(၆)ရက်နေ့တွင် ထီခိုးရွာဘက်သို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၂)ဦးကျဆုံးသွားသေးကြောင်း ၎င်းကဆက်ပြောသည်။
ထီခိုးရွာပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် PNOပြည်သူ့စစ်က စစ်ကောင်စီနှင့်ပူးပေါင်းကာ ထီခိုးရွာကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း PNOပြည့်သူ့စစ်တပ်သားများပြောဆိုချက်အရ သိရသည်။
#PPV 007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အမျိုးသမီးအရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#ထီခိုးရွာ
#တော်လှန်ရေးတပ်ဖွဲ့များ
#တပ်စွဲနေရာယူထား
#ကျေးရွာပြန်လည်သိမ်းပိုက်နိုင်ရေး
#ရှေ့တန်းစစ်မြေပြင်အနီးတွင်ကင်းစောင့်ခိုင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7