ခမ်းသားငေါဝ်း
ဩဂုတ် ၂၃၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် ဩဂုတ်လ(၂၂)ရက်နေ့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဩဂုတ်လ(၂၂)ရက်နေ့ ညနေ(၄)နာရီ ၅၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တောင်ကြီး-ဆိုက်ခေါင်သွားလမ်းတွင် တင်ထွန်း(ခ)ငတုတ် မောင်းနှင်ပြီး ခွန်ပန်းအောင် (ခ)တမောင်း လိုက်ပါလာသည့်မော်‌တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဒေသကာလပေါက်ဈေး (၁၀)သိန်းကျပ် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံး သိမ်းဆည်းရမိကြောင်း သိရသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်အရ ညနေ(၅)နာရီခွဲအချိန် တောင်ကြီးမြို့ ကံကြီးရပ်ကွက်တွင် ကျော်အေးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားနှင့် မော်တော်ဆိုင်ကယ်တစ်စီး၊ တောင်ကြီးမြို့နယ်၊ ပန်သခွားကျေးရွာရှိ ကျော်အေးနေထိုင်သည့်နေအိမ်မှ ညနေ(၆)နာရီအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြားထပ်မံတွေ့ရှိသိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။
အဆိုပါကျော်အေးထံတွင် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀ ပြားသိမ်းဆည်းရမိကာ ဒေသကာလပေါက်ဈေး (၂၂)သိန်းတန်ဖိုးရှိကြောင်း သိရသည်။
ဖမ်းစီးရမိသည့် အသက်(၂၅)နှစ် တင်ထွန်း(ခ)ငတုတ်၊ (၃၂)နှစ် ခွန်ပန်းအောင်(ခ) တမောင်းနှင့် (၃၄)နှစ် ကျော်အေးတို့ကို တောင်ကြီးမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed