ခမ်းသားငေါဝ်း
မတ်လ ၁၄၊ ၂၀၂၅

ရွှေညောင်မြို့၊ အောင်သပြေ တိုးဂိတ်ဖျက်သိမ်းပြီး ၊ တောင်လေးလုံး မြို့ဝင်တိုးဂိတ်တွင် မြို့ဝင်ကြေးနှင့် ဘီးခွန် နေရာ ပြောင်းလဲကောက်ခံနေသဖြင့် မြို့ခံများ မကျေနပ်ကြောင်း ကြားသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိအောင်သပြေ တိုးဂိတ်ကို မတ်လ အစောပိုင်းမှ စတင်ဖျက်သိမ်းနေပြီး အောင်သပြေ တိုးဂိတ်အဟောင်းနေရာများကိုလည်း တစ်စမကျန် ပြန်လည် ဖယ်ရှားကာ လမ်းကိုနဂို မူလ အတိုင်း အသစ် ပြန်လည် ခင်းသွားမည် ဖြစ်ကြောင်း သိရသည်။

“အပြီးတိုင် ဖျက်သိမ်းရင်တော့ အကောင်းဆုံးပေါ့ ။ အခုတော့ သွားလိုက်တိုင်းမြို့ဝင်ကြေးဘီးခွန် ၉၀၀ ကျပ် ထက်မနည်း ပေးဆောင်နေရတယ်။ ဝန်ထမ်းတွေ ဖြစ်တဲ့ကျွန်မတို့မှာ အရမ်းနစ်နာမှု ဖြစ်ရပါတယ်။ တာဝန်ရှိသူတွေ သိရှိစေချင်ပါတယ်။”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ထို အောင်သပြေ တိုးဂိတ် နေရာတွင် မတည်ဆောက်ခင်ကပင် ရပ်ကွက်နေပြည်သူများ ကန့်ကွက်ကြခြင်း ဖြစ်ပြီး၊ တည်ဆောက်ပြီးနောက်တွင်လည်း ဆက်လက် ကန့်ကွက် ဆန္ဒပြခြင်း များကြောင့် တောင်လေးလုံး အဝင်နေရာသို့ အမြန် ရွေ့ပြောင်း တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်လေးလုံး မြို့ဝင်တွင် တိုးဂိတ် တည်ဆောက်ခြင်းကြောင့် ရပ်ကွက်နေပြည်သူများ ဝင်ထွက်တိုင်း ဂိတ်ကြေး ပေးဆောင်နေရသဖြင့် များစွာ ထိခိုက်နစ်နာမှု ရှိကြောင်း ကင်းလွတ်ခွင့် ရစေလိုကြောင်း တောင်လေးလုံး ကျေးရွာ နှင့် ရွာနီးချုပ်စပ် ကျေးရွာမှ ရပ်ကွက်နေ ပြည်သူများက တောင်းဆိုထားသည်။

အဆိုပါ တိုးဂိတ်သည် High Land Road Construction မှ ယင်းမာပင် – ကလော – တောင်ကြီး လမ်းပိုင်း အတွက် နိုင်လွန် ကတ္တရာ လမ်းခင်းပေးထားသည့်အတွက် လမ်းကြေး ကောက်ခံခြင်း တိုးဂိတ် ဖြစ်ပြီး ၊ နှစ်များစွာ လုပ်ပိုင်ခွင့် ရရှိထားခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်တုန်းက လမ်းမကြီး ဥပဒေနှင့် မညီဘဲ မိုင် (၅၀) အတွင်း တိုးဂိတ် နှစ်ဂိတ် တည်ဆောက်ပြီး ငွေကြေး ကောက်ခံနေခြင်းကို တစ်ဂိတ် ဖျက်သိမ်းပေးပါရန် တက်ကြွသူများက တောင်းဆိုခဲ့ဖူးသည်။

ကလောမြို့ အဝင် နှင့် တောင်လေးလုံး အဝင် တို့တွင် High Land Road Construction မှ တိုးဂိတ်ကို Highland တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၁၈ ခုနှစ်မှ စတင်၍ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး၊ မိတ္ထီလာ – တောင်ကြီး- ကျိုင်းတုံ – တာချီလိတ် ပြည်ထောင်စု လမ်းမကြီး၏ လမ်းအစိတ်အပိုင်း တစ်ခုအဖြစ် မိတ္ထီလာ – ကလော – တောင်ကြီး လမ်းပိုင်း ကို ၂၀၁၉ ခုနှစ် မေလ ၁ ရက် တွင် လမ်းဖွင့်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

#PPV-006
#တိုးဂိတ်
#အောင်သပြေ
#တောင်လေးလုံး

ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။