ခမ်းသားငေါဝ်း
မတ်လ ၂၀၂၅
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နွေဦးတော်လှန်ရေးကို အမျိုးသားအတွက်အခွင့်အရေးတစ်ခုဟု မှတ်ယူပြီး ပအိုဝ်းပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ဆောင်ရွက်ကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အထွေထွေအတွင်း ရေးမှူးဗိုလ်မှူးကြီးခွန်အောင်မန်းက တိုက်တွန်းပြောဆိုလိုက်သည်။
ယခုတော်လှန်ရေးအတွင်း ပအိုဝ်းတော်လှန်ရေးက တစ်နိုင်ငံလုံးရှိတော်လှန်ရေးအင်အားစုများနှင့် ပေါင်းစပ်နိုင်မည်ဆိုပါက ပအိုဝ်းအမျိုးသားအနာဂါတ်နိုင်ငံရေးအခွင့်အရေးများ၊ ကိုယ့်ကံကြမ္မာကိုယ်တိုင် ဖန်တီးခွင့်များ၊ ပြည်နယ်သစ်များတွေလည်း အမြန်ဆုံးရရှိနိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။
“ကျွန်တော်တို့ ပအိုဝ်းတော်လှန်ရေးက မြန်မာတစ်နိုင်ငံလုံးရှိ နွေဦးတော်လှန်ရေးနဲ့ ပေါင်းစပ်နိုင်မည်ဆိုပါက အနာဂါတ်မှာ ကျွန်တော်တို့အမျိုးသားအတွက် ရချင်တဲ့ နိုင်ငံရေးအခွင့်အရေးတွေ၊ ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးခွင့်တွေ ပြည်နယ်သစ်တွေက ကျွန်တော်တို့ မြန်မြန်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုတော်လှန်ရေးကို အမျိုးသားအတွက် အခွင့်အရေးတစ်ခုဟု မှတ်ယူပြီး ပအိုဝ်းပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ရည်မှန်းထားတဲ့ အမျိုးသားနိုင်ငံရေးရည်မှန်းချက်တွေ အမြန်ဆုံးရရှိနိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ခမ်းသားငေါဝ်းကိုပြောသည်။
ထို့အပြင် စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒဆန့်ကျင်တိုက်ဖျက်ရေးမူကို အခြေခံဖွဲ့စည်းခဲ့သည့် PNO/PNAကိုလည်း စစ်အုပ်စု၏အသုံးချခံပြည်သူ့စစ်ဘဝမှ အမြန်ဆုံးရုန်းထွက်ကာ ပအိုဝ်းပြည်သူလူထုများနှင့်အတူ တော်လှန်ရေးတွင် ပြန်လည်ပူးပေါင်းဆင်နွဲရန်လည်း PNLO နှင့် PNFCက ပူးတွဲထုတ်ပြန်ချက်နှင့်အတူ အလေးနက်တိုက်တွန်းပြောဆိုထားသည်။
“ကျွန်တော်တို့တိုက်တွန်းနိုးဆော်ချက်တွေက စစ်ကောင်စီနဲ့အကျိုးစီးပွားနီးစပ်နေတဲ့သူ၊ ကိုယ်ကျိုးစီးပွားအတွက် ကာကွယ်နေတဲ့သူတွေအတွက်က သက်ရောက်မှုမရှိနိုင်ဘူးဆိုပေမဲ့ PNOပြည်သူ့စစ်ရဲ့လုပ်ရပ်အပေါ် မနှစ်သက်တဲ့သူတွေ၊ မျိုးချစ်စိတ်တကယ်ရှိပြီး တော်လှန်ရေးစိတ်ဝင်စားတဲ့သူတွေ အကြောင်းအရာသေချာမသိပဲ PNOပြည်သူ့စစ်ထဲ ရောက်သွားရတဲ့သူတွေအတွက်တော့ အနည်းနဲ့ အများအကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်” ဟု၎င်းကဆက်ပြောသည်။
PNO/PNAပြည်သူ့စစ်မှ အထက်အရာရှိပုဂ္ဂိုလ်များသည် ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် ပအိုဝ်းပြည်သူလူထုများကို မျက်စိပိတ်နားပိတ်ကာ၊ ပြည်သူများနိုင်ငံရေးအမြင်စိတ် တော်လှန်ချင်စိတ်များမကြီးထွားအောင် နည်းမျိုးစုံသုံးပြီး ဝါဒအမျိုးမျိုးဖြန့်ကာ ကြိုးစားပိတ်ပင်နေကြောင်း သိရသည်။
အာဏာရှင်စနစ်ပပျောက်ရေး၊ အာဏာရှင်လက် အောက်မှ လွတ်မြောက်နိုင်ရေး၊ လူမျိုးစုအခွင့်အရေး၊ အမျိုးသားအခွင့်အရေးစသည့်အခွင့်အရေးများ ရရှိနိုင်ရန်အတွက် ပအိုဝ်းတို့တော်လှန်တိုက်ခိုက် လာသည်မှာ ယနေ့ထိတိုင်ဖြစ်ကြောင်းသိရသည်။
#PPV007
#နိုင်ငံရေး
#PNLO
#တော်လှန်ရေး
ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။