ခမ်းသားငေါဝ်း
မတ်လ ၁၃၊ ၂၀၂၅

ပအိုဝ်းပြည်သူများကို စစ်ခရိုနီများနှင့် အာဏာရှင်များကနည်းမျိုးစုံဖြင့် အသုံးချနေပြီး စစ်ကျွန်အဖြစ်နွံနစ်မခံလိုသည့် ပအိုဝ်းပြည်သူများအနေဖြင့် သတိကြီးစွာထားကာ ရှောင်ရှားရုန်းထွက် ဆန့်ကျင်တော်လှန်ကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အချုပ် (PNLO)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)တို့က (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် တိုက်တွန်းပြောဆိုထားသည်။

စစ်ခရိုနီ နေဝင်းထွန်းအပါအဝင် စစ်အုပ်စုတို့က ၎င်းတို့၏ကိုယ်ကျိုးစီးပွားရေးများကိုကာကွယ်ရေး၊ ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ဖျောက်ဖျက်ရေး၊ စစ်အာဏာရှင် သက်ဆိုးရှည်ရေးတို့အတွက် ပအိုဝ်းပြည်သူများကို လူသားဒိုင်းကာ၊ လက်ကိုင်တုတ်များအဖြစ် အသုံးချလျက်ရှိကြောင်း ဆိုထားသည်။

ထို့အပြင် စစ်အုပ်စုတို့သည် ပအိုဝ်းအမျိုးသားအင်အားစုများအကြား မညီမညွတ်ဖြစ်စေရေးအတွက်လည်း သွေးခွဲ သပ်လျှို ရန်တိုက်ဖြိုခွဲမှုများပြုလုပ်နေကြောင်းသိရသည်။

ယနေ့ကာလပအိုဝ်းပြည်သူတို့၏ အမျိုးသားရေးတာဝန်သည် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းထူထောင်ရေးနှင့် ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးတွင် ဗမာအပါ တိုင်းရင်းသားအင်အားစုအားလုံးနှင့်အတူ လက်တွဲတိုက်ပွဲဝင်ရေးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒဆန့်ကျင်တိုက်ဖျက်ရေးမူကို အခြေခံဖွဲ့စည်းခဲ့သည့် PNO/PNAသည်လည်း စစ်အုပ်စု၏အသုံးချခံ ပြည်သူ့စစ်ဘဝမှ အမြန်ဆုံးရုန်းထွက်ကာ ပအိုဝ်းအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ တော်လှန်ရေးတွင် ပြန်လည်ပူးပေါင်းဆင်နွဲရန်လည်း PNLOနှင့် PNFCက အလေးနက်တိုက်တွန်းပြောဆိုထားသည်။

မတရားသောစနစ်ဆိုးများဖျက်သိမ်းရာတွင် ပအိုဝ်းများအင်အားစုတစ်ရပ်အဖြစ်ပါဝင်မည်ဟူသည့် ပအိုဝ်းအမျိုးသားအခြေခံမူနှင့်အညီ ခေတ်အဆက်အဆက်တွင် ပအိုဝ်းတို့က ဆန့်ကျင်တော်လှန်ခဲ့ကြပြီး ယခုအခါတွင်လည်း မိမိတို့ပအိုဝ်းအမျိုးသားရေးရည်မှန်းချက်များ အောင်မြင်ပြီးပြည့်စုံစေရန် ပအိုဝ်းပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဖော်ဆောင်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

#PPV007
#PNLO
#PNFC
#အမျိုးသားနေ့

ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။