ခမ်းသားငေါဝ်း
မတ်လ ၈၊ ၂၀၂၅

ပအိုဝ်းတော်လှန်ရေးအင်အားစုအချင်းချင်းများ စည်းလုံးညီညွတ်ရန် ၇၆ နှစ် မြောက် ပအိုဝ်းအမျိုးသားနေ့ကို PNLO နှင့် PNFC တို့ ပူးပေါင်းပြီး အွန်လိုင်းဖြင့်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

“လက်ရှိ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင် အားစုတွေ စုစည်းစည်းလုံးကြဖို့လိုတယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါတယ်။ တော်လှန်ရေးအင်အား စုတွေစည်းလုံးဖို့အတွက် လူမျိုးတူတော်လှန်ရေးအင်အားစုများ၊ ဒေသချင်းဆက်စပ်တဲ့ တော်လှန် ရေးအင်အားစုများကနေ စလုပ်ဖို့လိုပါတယ်။ စည်းလုံးညီညွှတ်ဖို့အတွက် လုပ်နိုင်တဲ့ အပိုင်းကနေ လုပ်ဆောင်တာဖြစ်ပါတယ်။”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ခမ်းသားငေါဝ်း ကိုပြောသည်။

ပအိုဝ်းလူမျိုးတို့သည် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ပအိုဝ်းပြည်နယ်အပါအဝင် ပြည်နယ်သစ်များပေါ်ထွန်းရေး စသည့်ရည်ရွယ်ချက်များဖြင့် ခေတ်အဆက်ဆက် တော်လှန်ရေးများ ပါဝင်တိုက်ပွဲဝင်ကြပြီး ယခုတဖန် စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင်လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ထို့အပြင် စစ်အာဏာရှင်စနစ်ကို ကာကွယ်ပြီး ပအိုဝ်းပြည်သူလူထုများကို မျက်စိပိတ် နှားပိတ် အတင်းဖိနှိပ်ကာ တပ်သားအတင်းအဓမ္မစုဆောင်းခြင်း၊ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေကြေးကောက်ခံခြင်းတို့ဖြင့် ပအိုဝ်းပြည်သူကို PNO ပြည်သူ့စစ်က အသုံးချနေကြောင်းလည်း ၄င်းက ဆက်ပြောသည်။

‘’ပအိုဝ်းလူမျိုးတွေဟာ မိမိကိုယ်ကို “ခွန်ခွို” ဟု ပြောဆိုယုံကြည်ထားကြတဲ့အတိုင်း အဓိပ္ပာယ်ပြည့်ဝလာစေဖို့နဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့၊ ပအိုဝ်း ပြည်နယ်အပါအဝင် ပြည်နယ်သစ်များပေါ်ထွန်းလာဖို့၊ စစ်အာဏာရှင်နဲ့ အမျိုးသားအာဏာရှင် PNO အသွင်ပြောင်း ပြည်သူ့စစ်တို့ရဲ့ ဖိနှိပ်မှုမှ လွတ် မြောက်နိုင်ဖို့ တော်လှန်ရေးတွင်ပါဝင်ကြဖို့လိုအပ်ပါတယ်။ “လို့လည်း ဗိုလ်မှူးကြီးခွန်အောင်မန်းက တိုက်တွန်းပြောဆိုထားသည်။

၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို PNLO နှင့် PNFC တို့က လာမည့် မတ်လ ၁၃ ရက် ၂၀၂၅ ခုနှစ်တွင် အွန်လိုင်းဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#ppv002
#နိုင်ငံရေး
#PNLO
#PNFC

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။