ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅

စံကားအင်းဒေသတွင် ယခုလအတွင်း ကလေးသူငယ် များ ဝမ်းပျက်ဝမ်းလျှောမှုအဖြစ်များနေပြီး သေဆုံးမှုများလည်းရှိနေကြောင်း ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် ဖေဖော်ဝါရီလအတွင်း (၅)နှစ်အောက်ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး အချိန်မှီမကုသပါက သေဆုံးရသည့် အထိဖြစ်နေကြောင်း သိရသည်။

“တစ်ချို့ဆိုအစာမှားစားတာကနေဖြစ်ကြတယ် တစ်ချို့ကလေးက မိခင်နို့ရည်ကနေတစ်ဆင့်ဖြစ်တာလည်းရှိတယ် ကျွန်တော့အစ်ကိုတစ်ဝမ်းကွဲကလေးဆို (၈)လလောက်ပဲရှိသေးတယ် သူတို့ဆေးရုံပို့တာနောက်ကျတော့ စံကားဆေးရုံကနေ ညောင်ရွှေဆေးရုံအသွားလမ်းမှာပဲ ကလေးကသေသွားတယ်၊ အခုကျွန်တော်ကလေးလည်း ဖြစ်နေလို့ ဆေးရုံတက်ရတာ(၂)ရက်ရှိပြီ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အချို့သောကလေးငယ်များက ရွာတွင်းရှိဆေးဆရာများထံတွင်သာ ပြန်လည်ကုသပေးပြီး အချို့သောကလေးငယ်များက ဆေးရုံပို့ကုသမှရကြောင်း သိရသည်။

“အခုကရောဂါဖြစ်နေသလိုပဲ တစ်ယောက်ပြီးတစ်ယောက်ကူးစက်သွားသလိုမျိုးလည်းဖြစ်တယ်၊ စံကားတောင်ဘက် ဟူးရန်းရွာမှာကတော့ လူကြီးတွေရေယုံရောဂါဖြစ်ကြပြန်ရော အများကြီးပဲ အခုတစ်လအတွင်းပဲ အဖြစ်များကြတာ ဆေးရုံရောက်လာတဲ့လူတွေလည်းရှိတယ်”ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် စံကားကျေးရွာနှင့် စံကားကျေးရွာမြောက်ဘက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနေရာထိုင်ခင်းများ အကူအညီလိုအပ်နေပြီး ကလေးသူငယ်များအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများလိုအပ်နေကြောင်း သိရသည်။

#PPV007
#ကျန်းမာရေး
#စံကားအင်း
#ဝမ်းလျောဝမ်းပျက်
#ကလေး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။