ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅

အင်းလေးဒေသအတွင်း ခရီးသွားများအပေါ် ဆက်ဆံခြင်း၊ ဈေးအတင်းထိုးရောင်းချခြင်းနှင့် ဈေးအဆမတန်တင်ရောင်းခြင်းတို့ကြောင့် ခရီးသွားများ စိတ်အနှောက်အယှက်ဖြစ်နေရကြောင်းစုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပြည်တွင်းပြည်ပခရီးသွဦးများ အဓိကအပန်းဖြေ လာရောက်ကြပြီး လက်ရှိဝမ်းစာအတွက် ခရီးသွားများအပေါ် ဆက်ဆံရေးမကောင်းခြင်း၊ ဈေးအတင်းထိုးရောင်းခြင်းနှင့် ဈေးအဆမတန်တင်ရောင်းခြင်းများကြုံတွေ့နေရကြောင်းသိရသည်။

“ရှမ်းတောင်က အပန်းဖြေလို့ကောင်းတဲ့ဒေသလည်း ဖြစ်တော့ နှစ်တိုင်းလို သွားဖြစ်တယ်ဗျာ။ အခုက အရင်လို မဟုတ်တော့ဘူး တောင်ကြီး၊ အင်းလေး၊ ပင်းတယ ၊ ကလောက ပြန်ခဲ့ပါတယ်။ အင်းလေးကလွဲလို့ ကျန်နေရာအကုန် အဆင်ပြေတယ်။ အဲ့ရောက်တော့ စက်လှေပေါ် မတက်ခင်ထဲက ဇင်ယော် ဌက်လေးတွေကျွေးဖို့တဲ့ မုန့်အတင်း ထိုးရောင်း။ ဘုရားရောက်ပြန်တော့လည်း မဝယ်မချင်းအမြင်ကပ်အောင် အဖွဲ့လိုက် ပန်းအတင်းထိုးရောင်း။ စဉ်းစားကြည့်လေဗျာ အဲ့လိုဆိုတော့ အပန်းဖြေရာ မရောက်ဘဲ စိတ်ကတိုရတယ်” ဟု အင်းလေးဒေသတွင် ခရီးသွားခဲ့သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ယခင်က အင်းလေးဒေသတွင် ရိုးသားသောတိုင်းရင်းသားများ၏ နွေးထွေးမှု စေတနာအပြည့်ထားရှိမှုတို့ကြော်င့ နာမည်ကြီးခဲ့သလောက် ယခုချိန်တွင် ခရီးသွားအပန်းဖြေသူများကို ထိုသို့ဆက်ဆံလာသည့်အတွက် ခရီးသွားများ ယုံကြည်မှုနည်းလာကြောင်းသိရသည်။

ထို့အပြင် အင်းလေးဒေသရှိ စားသောက်ဆိုင်အချို့သည်လည်း အစားအသောက်နှင့် ပတ်သက်ပြီး ဈေးမတန်မရာ တင်ရောင်းနေကြောင်း ခရီးသွားသူများထံမှ သိရသည်။

အမည်မဖော်လိုသည့် အမျိုးသမီး တစ်ဦးလည်း “အစားအသောက်မှာ ကတည်းက ဈေးသေချာတွက်ထားတယ်။ နောက်ဆုံး ဘောင်ချာတောင်းတော့ ထက်ဝက်လောက်ကွာနေတယ်။ မေးလိုက်တော့ အခွန်တဲ့။ ကျွန်မတို့လည်း အဲ့လောက်တော့ သိပါတယ်။ အခုက မတန်တဆ ဈေးတင်တာ။ ကောင်းကောင်း မပြောတဲ့အပြင် Customer အပေါ်ဆက်ဆံတဲ့ပုံကလည်း ရိုင်းတယ်။ ပြဿနာ ဖြစ်ခဲ့သေးတယ်” ဟု ခမ်းသားငေါဝ်းကို ပြောသည်။

အင်းလေး ဒေသပုံရိပ်ပျက်စီးစေသည့် ဆိုင်နှင့်လူများကို ‌အရေးယူမှုလုပ်ပေးခြင်း၊ ကောင်းသည့် ပုံရိပ်များ ပြန်လည် ဖြစ်ပေါ်စေရန် တာဝန်ရှိသူမှ ဆောင်ရွက်စေလိုကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ခရီးသွား ဧည့်သည်တွေကို ဒေသက ဂေါပကနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ တာဝန်ယူထိန်းသိမ်း ပေးစေချင် တယ်။ မဟုတ်ရင်တော့ အင်းလေးဒေသက နာမည်ဆိုးတွင် ထပ်ထွက်လာမယ်။ခရီးသွား ရပ်တန့်တဲ့ထိ အင်းလေးကို မုန်းသွားပါလိမ့်မယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အင်းလေးဒေသတွင် ပြည်ပခရီးသွားများလုံးဝရပ်တန့်ခဲ့ရပြီး ပြည်တွင်းခရီးသွား များကို မှီခိုနေရကြောင်း၊ ဒေသခံတချို့သည်အလုပ်ပြောင်းပြီး လုပ်ကိုင်နေရကြောင်းသိရသည်။

လက်ရှိ ကာလတွင် တိုင်းပြည်တည်ငြိမ်မှုမရှိသော်လည်း ပြည်တွင်းခရီးသွားများ ပိုမိုများပြားလာနေကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားကို ဆွဲဆောင်စေသည့် အင်းလေးကန်သည် ယခင်လို ပုံရိပ်ကောင်းများ ပြန်လိုချင် ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

#PPV0011
#social
#အင်းလေး
#ခရီးသွား

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။