ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊၂၀၂၅

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးလာမည်ဟုသတင်းကြောင့် တမြို့လုံး ရှင်းလင်းရေးပြုလုပ်နေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင်ဖေဖော် ဝါရီလ ၂၀ ရက်မှ ၂၂ ရက် အထိ သုံးရက်တိုင်တိုင် လမ်းဘေးစျေးသည်များ စျေးရောင်းချခြင်း မပြုလုပ်ရန် စည်ပင်သာယာရေး မှ အသိပေးလာသဖြင့် အခက်အခဲကြုံရကြောင်း လမ်းဘေး စျေးသည်များက ပြောသည်။

“ကြားတာကတော့ ကာချုပ်လာမယ် ပြောတာပဲ၊ ဒါကြောင့်မို့ ဒီလောက်အထိ လုပ်နေတာပေါ့။ ရပ်စောက် ကို လာတာလို့လဲ ပြောတာပဲ၊ ပြန်ကြားရေးမှာလည်း ညွှန်ချုပ် မနေ့ ညနေပိုင်းက လာတယ်လို့ ကြားတယ်။ လမ်းတွေကို ရှင်းလင်းရေး ဆောင်ရွက်နေတယ်။ လမ်းဘေး စျေးသည်တွေ နဲ့ မော်တော် ကား တွေ ကို ရှင်းလင်း ဆောင်ရွက်နေတယ်။”ဟု ဒေသခံ တစ်ဦးက ဆိုသည်။

တောင်ကြီး တစ်မြို့လုံး လမ်းရှင်းလင်းရေး ဆောင်ရွက်ထားပြီး စျေးသည်များကိုလည်း စျေးရောင်းခွင့် ပိတ်ထားသဖြင့် အခက်အခဲ ဖြစ်နေကြောင်း ကြားသိရသည်။

စျေးသည် တစ်ဦးက”၃ ရက်တောင် ပိတ်ထားခိုင်းတယ်။ စိတ်ညစ်လိုက်တာ ဘာလုပ်ရမှန်းတောင် မသိဘူး။ လမ်းဘေး စျေးသည် ဘ၀ ကလည်း မလွယ်ပါဘူး။”ဟု ပြောသည်။

ထို့ပြင် တောင်ကြီးမြို့၊ ကမ္ဘောဇလမ်း ရှိ ညစျေးတန်းတွင် ဖွင့်လှစ်ရောင်းချနေသော စားသောက် ဆိုင် ဆိုင်ခန်း များကိုလည်း ခေတ္တပိတ်ထားရန် အသိပေးထားသဖြင့်ပိတ်ထားရကြောင်း ထိုညစျေးတန်း ဆိုင်ခန်းများ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြန်လည် ဖွင့်လှစ် ရမည် ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး တစ်လျှောက်တွင် မော်တော်ယာဉ် များ ရပ်နားခြင်း မရှိစေရန် ယာဉ်ထိန်းရဲ များက ရှင်းလင်းရေး ဆောင်ရွက်နေပြီး ၊ ရပ်နားသည့် မော်တော်ယာဉ်များကို ချက်ချင်း ထွက်ခွာ စေခိုင်းကြောင်း သိရသည်။

တောင်ကြီးမြို့ ရှိ ကညန ရုံးတွင်လည်း ရုံးတွင်း ဝင်ရောက်ရန် ဘေးလွယ်အိတ်များ ယူဆောင်ခွင့် မပြုဘဲ ရုံး အပြင်ဘက်တွင် ထားခဲ့ရခြင်း ရှိကြောင်း၊မည်သည့်အတွက်ကြောင့် ထိုသို့ လုပ်သည်ကို မသိရဘဲ လာသမျှအားလုံး အပြင်ဘက်တွင် လွယ်အိတ်များ ထားခဲ့ရကြောင်း သိရသည်။

#PPV-006
#social
#Taunggyi
#စစ်ကောင်စီ
#မင်းအောင်လှိုင်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။