ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁၊၂၀၂၅

တရုတ်ဘက် လမ်းပိတ်တင်ပို့မရခြင်းကြောင့် ရှမ်းတောင်ထွက် ရှမ်းဆန်များ စျေးနှုန်း ကျဆင်းနေသဖြင့် စိုက်တောင်သူများ အခက်ကြုံရကြောင်း ကြားသိရသည်။

ရှမ်ပြည်နယ်တောင်ပိုင်းထွက် ရှမ်းဆန်များ ဖြစ်သော ရွှေအပ် ၊ ရွှေရင်အေး အမျိုးအစား ဆန်များသည် တရုတ်ဘက်မှ အဓိက ဝယ်ယူခြင်း ကြောင့် တရုတ်လမ်းကြောင်း ပိတ်နေသဖြင့် ဆန်နှင့် စပါး စျေးနှုန်းများ ကျဆင်းနေခြင်း ဖြစ်ကြောင်း ဆန်စက် လုပ်ငန်းရှင်များထံမှ ကြားသိရသည်။

“အဓိက တရုတ်ဘက်က အဝယ်များတာလေ၊ ပြည်မဘက်က ရှမ်းဆန် သိပ်မစားကြဘူး။ ထိုင်းဘက် လည်း အနည်းအကျဉ်းတော့ ယူပါတယ်။ တရုတ်လောက်တော့ မများဘူးပေါ့။ အခု တရုတ်နိုင်ငံ သွားတဲ့ မြောက်ပိုင်း လမ်းကြောင်း ပိတ်ထားတော့ ဆန် နဲ့ စပါးတွေ စျေးကျတယ်။ တောင်သူတွေက ရေကြီး နစ်မြုပ်လို့ အထွက် နှုန်းကျတာ က တစ်မျိုး ၊ ဆန်စျေး ကျတာ တစ်မျိုး ဆိုတော့ တော်တော်လေး ထိခိုက် နစ်နာကြတယ်။”ဟု ရွှေညောင်မြို့ရှိ စပါးစိုက် တောင်သူတစ်ဦးက ဆိုသည်။

ယခင် က စပါးတစ်တင်းလျှင် ခုနှစ်သောင်းကျပ် ရှိရာမှ ယခုအခါ တစ်တင်း ငါးသောင်းခန့်သာ ပေါက်စျေး ရှိတော့ကြောင်း သိရသည်။

ယခင် က ရှမ်းဆန် တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ် ခန့် ပေါက်စျေး ရှိရာမှ ယခုအခါ တစ်သိန်းဝန်းကျင်ခန့်သာ ရှိတော့ပြီး နှစ်သောင်း မှ သုံးသောင်းခန့် အထိ စျေးကျနိုင်ကြောင်း ဆန်စက် လုပ်ငန်းရှင် တစ်ဦးက လည်း ဆိုသည်။

တောင်ကြီးမြို့ ရှိ ဆန်ဆိုင်များရောင်းချနေသော စျေးနှုန်းများသည် တရုတ်မွှေး ရှမ်းဆန် တစ်အိတ် လျှင် ၁၃၅၀၀၀ ကျပ် ၊ မိုင်းကိုင် ရှမ်းဆန် တစ်အိတ် ၁၄၅၀၀၀ ကျပ် ၊ ရွှေအပ် ရှမ်းဆန် တစ်အိတ် ၁၄၀၀၀၀ ကျပ် ၊ ရွှေရင်အေး ရှမ်းဆန် တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ် ပေါက်စျေး ရှိနေကြောင်း သိရသည်။

#PPV-006
#ဆန်စျေး
#စပါးစျေး
#ရှမ်းဆန်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။