ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ၁၉၊ ၂၀၂၅
ဖယ်ခုံအနောက်တွင် နွေရာသီရေရှားပါးလာ၍ ရေဝယ်သုံးနေရသောကြောင့် စစ်ရှောင်များအခက်တွေ့နေကြောင်း စစ်ဘေးရှောင်တစ်ဦးထံမှ သိရသည်။
ရှမ်း- ကရင်နီ ( ကယား) နယ်စပ် ဖယ်ခုံအနောက်ဖက်ခြမ်းတွင် နွေရောက်လာသည်နှင့်အမျှ ရေရှားပါးမှုဒဏ်ကို ခံနေရကာ ရေကိုဝယ်ယူသုံးစွဲနေရသောကြောင့် စစ်ဘေးရှောင်များအတွက်အခက်အခဲ ဖြစ်နေသည်။
” ရေရှားလာပြီအခုက ၊ ဝယ်သုံးနေရတာပါ့လေ၊ ၁၀၀၀ လီတာကို ၁၅၀၀၀ ကနေ ၂၀၀၀၀ ထိပေးရတယ်၊ ဒါတောင် ရွာသုံးရေကန် ရေနည်းနည်းကျန်နေသေးလို့ရတာ၊ နွေလယ်လောက်ကျရင်တော့ ဒီထက်ပိုရှားလာတော့မယ်၊ စားဝတ်နေရေးကတစ်ဖက်၊ ရေကတစ်ဖက်ဝယ်သုံးနေရတော့ အဆင်မပြေဘူး” ဟု စစ်ဘေးရှောင်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
နွေရာသီတွင် ရေရှိနိုင်ဖို့ ပိုမိုခက်ခဲလာမည်ဖြစ်သောကြောင့် စစ်ဘေးရှောင်များအတွက် ရေအလှူရှင်များလိုအပ်နေကြောင်းသိရသည်။
” ရေကတော့တစ်ဖြေးဖြေးပိုရှားလာမှာပဲ၊ မိသားစုတွေလည်းများတော့ ရေက တစ်ခါဝယ်ရင်ခနပဲ သုံးရတာ၊ ဒါတောင်အရမ်းချွေတာပြီးသုံးနေရတယ်၊ ဝင်ငွေလည်းမရှိဘူး ရေပါဝယ်သုံးနေရတော့ အဆင်မပြေဘူးပေါ့လေ၊ ရေအလှူရှင်တွေကို ပဲ အားကိုးရတော့မယ်” ဟု ၎င်း ကဆက်ပြောသည်။
ဖယ်ခုံအနောက်ဖက်ခြမ်းတွင် နွေရာသီကာလအတွင်း ရေရှားပါးမှု ဒဏ်ကို နှစ်စဥ်နှင့်အမျှ ခံစားနေရပြီး သန့်ရှင်းသောရေအလုံအလောက် မရရှိမှုကြောင့် ဖျားနာမှု များဖြစ်ပွားလေ့ရှိသည်။
PPV 003
ပုံ-ပုံဟောင်း
#လူ့အခွင့်အရေး
#စစ်ဘေးရှောင်
#ဖယ်ခုံအနောက်
#နွေရာသီရေရှားပါးလာ
#ရေဝယ်သုံးနေရ
#စစ်ရှောင်များအခက်တွေ့နေ