ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅
မြန်မာနိုင်ငံရှိ သတင်းထောက်(၃)ဦး အပါအဝင် ကမ္ဘာတစ်ဝန်း တစ်နှစ်အတွင်း အနည်းဆုံးသတင်းထောက် (၁၂၄)ဦး သေဆုံးမှုရှိခဲ့ကြောင်း သတင်းသမားများ ကူညီစောင့်ရှောက်ရေးကော်မတီ (CPJ)က ဖေဖော်ဝါရီ(၁၂)ရက်တွင် ထုတ်ပြန်ထားသည်။
(CPJ)ကောက်ယူထားသည့် အချက်အလက်အရ (၂၀၂၄)ခုနှစ်တွင် သတင်းထောက် သေဆုံးမှုအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း စစ်ရေးပဠိပက္ခနှင့် နိုင်ငံရေးရာဇဝတ်မှုများကြောင့် မြန်မာနိုင်ငံ၊ ဆူဒန်နှင့် ပါကစ္စတန် နိုင်ငံတွင် သတင်းထောက်သေဆုံးမှု မြင့်မာလာကြောင်း ဖော်ပြထားသည်။
ထို့အပြင် သေဆုံးသွားရသည့် သတင်းထောက်များသည် ပဠိပက္ခဇုန်အတွင်း သတင်းရယူနေစဉ်နှင့် သတင်းထောက်အလုပ်အကိုင်ကြောင့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
သေဆုံးခဲ့ရသည့် သတင်းသမားများသည် ဂါဇာဒေသတွင် (၈၂)ဦး၊ လက်ဘနွန်မှာ(၃)ဦးအပြင် နိုင်ငံပေါင်း(၁၆)နိုင်ငံက သတင်းထောက်နှင့် ဝန်ထမ်းများ(၃၉)ဦး သေဆုံးကြောင်း ဖော်ပြထားသည်။
ထိုထဲတွင် မြန်မာနိုင်ငံရှိ သတင်းထောက်(၃)ဦး၊ ဆူဒန်(၆)ဦး၊ ပါကစ္စတန်(၆)ဦး၊ မက္ကဆီကို(၅)ဦး၊ ဆီးရီးယား(၄)ဦး၊ အီရတ်(၃)ဦးနှင့် ဟေတီ(၂)ဦးပါဝင်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်တွင် ကိုဖိုးသီဟ(ခေါ်)ကိုမြတ်သူထွန်းနှင့် မွန်ပြည်နယ်က ကိုဝင်းထွဠ်ဦးနှင့် ကိုထက်မြတ်သူ သတင်းထောက်(၃)ဦး တို့ကို သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ယခုချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ သတင်းထောက်များလည်း ရှိသည့်အပြင် ရခိုင်ပြည်နယ် အခြေစိုက် (DMG)မှ ကိုအောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ပုသိမ်အကျဉ်းထောင် အထူးတရားရုံးတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၅)နှစ် ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီမတရား အာဏာသိမ်းသည့် (၂၀၂၁)ခုနှစ်မှ စပြီး သတင်းထောက် (၂၀၀)နီးပါး ဖမ်းဆီးခံခဲ့ရပြီး ထိုထဲမှ သတင်းထောက်(၄၃)ဦးသည် ယနေ့အထိ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)မှ
ဇန်နဝါရီ(၂၆)ရက်တွင် သတင်းထုတ်ပြန်ထားသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မြန်မာနိုင်ငံ
#သတင်းထောက်
#ကမ္ဘာတစ်ဝန်း
#သေဆုံးမှုရှိခဲ့
#သတင်းသမားများကူညီစောင့်ရှောက်ရေးကော်မတီ
#CPJ