ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅

မြန်မာနိုင်ငံ စစ်အာဏာရှင်မှ ထုတ်ပြန်လိုက်သည့် စစ်မှုထမ်း ဥပဒေကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းမှတဆင့် သွားရောက် အလုပ်လုပ်ကိုင်သူ များနေဆဲ ဖြစ်ကြောင်း ဖေဖော်ဝါရီ(၁၂)ရက်တွင် စုံစမ်းသိရသည်။

ကျားဖြန့်(အွန်လိုင်းငွေလိမ်)လုပ်ငန်းကို နှိမ်နှင်းရန်အတွက် ထိုင်း-မြန်အာနယ်စပ်တွင် တာဝန်ရှိသူများက အစစ်အဆေး တင်းကြပ်မှုများကြားက ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှတဆင့် သွားလာမှု များနေဆဲ ဖြစ်ကြောင်း ရှမ်းပြည်တောင်ပိုင်းမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်သွားသူထံမှ သိရသည်။

“‌ကိုယ့်နိုင်ငံထဲ နေပြန်ရင်လည်း အသက်အရွယ်က စစ်မှုထမ်းထဲပါနေတော့။ မထူးဇာတ်ခင်းရတာပေါ့။ အစစ်ဆေးအတားဆီးတော့ တော်တော်မလွယ်ဘူး။ ငါတို့ဆို အောက်လမ်းကနေသွားရတော့ ထိုင်းစစ်သားတွေ သေနက်နဲ့ လှမ်းပစ်တာလည်း ခံရတယ်။ တောထဲ ညလုံးပေါက်ပုန်းနေရတာလည်း ရှိတယ်။ လာဖို့စီစဉ်နေတဲ့သူလည်း အများကြီးကျန်သေး။ ကံကောင်းလို့ ရောက်‌လာတာလို့ ပြောလို့ရတယ်” ဟု ရှမ်းတောင်မှ ထိုင်းသို့ တရားမဝင်လမ်းမှ တဆင့်သွားသည့် လူငယ်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ဖို့ စိန်ခေါ်မှု အခက်ခဲများရှိနေသည်ကို သိနေသော်လည်း အရဲစွန့်ပြီး သွားကြသူများကြောင်း ၎င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံသို့ အလုပ်ပေးမည်ဟု ဆိုကာ ပွဲစားများမှတဆင့် ငွေကြေးရယူပြီးနောက် လိမ်လည်စွန့်ပစ်သွားသည့် ဖြစ်စဉ်လည်း များစွာရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာလုပ်သား(၆၀) နီးပါးကို ထိုင်းနိုင်ငံသို့ အလုပ်ပေးမည်ဟုဆိုကာ ပွဲစားမှစွန့်ပစ်ခံရသူကို ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီလ(၁၁)ရက်တွင်ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများတွင် တရားဝင်စာရွက်စာတမ်းများ မရှိသည့်အပြင် ပွဲစားမှ စွန့်ပစ်ခံရသူများ ဖြစ်ပြီး အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၅)ဦးအပြင် အသက်(၁၈)နှစ်အောက် (၃၅)ဦးပါဝင်ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားကြသူများ ထိုင်း မြန်မာနယ်စပ်တွင် ထိုင်းအာဏာပိုင်များမှ မကြာခဏ ဖမ်းဆီးခံရမှုရှိနေကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်အာဏာရှင်
#စစ်မှုထမ်းဥပဒေ
#ထိုင်းနိုင်ငံသို့တရားမဝင်လမ်း
#ထိုင်းနိုင်ငံသို့အလုပ်လုပ်ကိုင်ရန်