ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၇၊ ၂၀၂၅
နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ (USAID)မှ တဆင့် ပေးအပ်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် မီဒီယာဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ(၃၉)သန်းကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ်က ရပ်ဆိုင်းလိုက်ကြောင်း Human Rights Myanmar အဖွဲ့က ထုတ်ပြန်သည်။
နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီ(USAID) ကို ပိတ်ရန်အတွက် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်သည် လာမည့်(၃)နှစ် အတွင်း မြန်မာနိုင်ငံ၏ လွတ်လပ်မှုကို ကာကွယ်ရန် ဂတိပြုထားသည့် အဆိုပါ ရန်ပုံငွေကို ခေတ္တရပ်ဆိုင်းထားကြောင်း နှင့် ရန်ပုံငွေကို မည်သည့်အချိန်တွင် ပြန်လည်ပေးအပ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဖော်ပြထားသည်။
ထို့အပြင် (USAID) ရန်ပုံငွေတွင် လူ့အခွင့်အရေး ကာကွယ်ရေး ပရောဂျက်(၇)ခုအတွက် ဒေါ်လာ(၈) သန်း၊ ဒီမိုကရေစီ မြှင့်တင်ရေး လုပ်ငန်း(၉)ခု အတွက် ဒေါ်လာ သန်း(၃၀)နှင့် အမှီအခိုကင်းသည့် မီဒီယာပံ့ပိုးမှု အစီအစဉ်(၂)ခုအတွက် ဒေါ်လာ(၁) သန်းစီ ပါဝင်ကြောင်း ဖော်ပြထားသည်။
ထို ရန်ပုံငွေ ရေရှည်ဆိုင်းငံ့ထားခြင်းသည် ဒီမိုကရေစီအရေး မြှင့်တင်သည့် အဖွဲ့အစည်းများအတွက် ပြင်းထန်ပြီး ရေရှည်အကျိုးဆက်များ ရှိလာနိုင်ကြောင်း Human Rights Myanmar အဖွဲ့မှ ဖော်ပြထားသည်။
USAID သည် မြန်မာနိုင်ငံ၏ စီမံကိန်း(၃၄)ခုအတွက် ရန်ပုံငွေ ရပ်ဆိုင်းလိုက်ပြီး လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အရေး စီမံကိန်းအပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ(၂၂)သန်း၊ စိုက်ပျိုးရေးအတွက် ဒေါ်လာ(၃၆)သန်း၊ ကျန်းမာရေးအတွက် ဒေါ်လာ(၂၂)သန်းနှင့် ပညာရေးအတွက် ဒေါ်လာသန်း(၃၀)တို့ကို ဆိုင်းငံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Human Rights Myanmar အဖွဲ့မှ အမေရိကန် မူဝါဒ အပြောင်းအလဲသည် မြန်မာ့အရပ်ဖက် လူ့အဖွဲ့ အစည်းများကို ထိခိုက်စေကြောင်း သတိပေးထားပြီး အမေရိကန်တာဝန်ရှိသူများနှင့် ကွန်ဂရက် လွတ်တော်အနေဖြင့် ထိုရန်ပုံငွေကို ထာဝရရုပ်သိမ်းခြင်းမျိုး မဖြစ်စေရန် တားဆီးရမည် ဖြစ်ပြီး ပွင့်လင်းမြင်သာ တာဝန်ခံမှုရှိသည့် သုံးသပ်မှုများ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းထားသည်။
မြန်မာနိုင်ငံသည် ထိုရန်ပုံငွေ ဆိုင်းငံ့ခြင်းကြောင့် ပညာရေး၊ ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီ မီဒီယာအဖွဲ့အစည်းအများစုမှ လုပ်ငန်းပိတ်သိမ်းခြင်း၊ ဝန်ထမ်းလျှော့ချခြင်း၊ လုပ်ငန်းအစီအစဥ်များလျှော့ချခြင်း များ ပြုလုပ်နေရကြောင်း သိရသည်။
#PPV0011
#USAID
#Budge
#ရပ်ဆိုင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။