ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၇၊ ၂၀၂၅
ရှမ်းပြည်နယ် တောင်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ ဗဟိုဌာနချုပ် ဝမ်ဟိုင်းတွင် SSPP/SSA၏ ဖိတ်ကြားမှုဖြင့် လားဟူစုပေါင်း နှစ်သစ်ကူးပွဲတော် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
၇၈ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့တွင်နယ် (၈)နယ်ရှိ လားဟူ၊လီဆူနှင့် ရှမ်းများ ပါဝင်သော ဝမ်ဟိုင်း နှစ်သစ်ကူးပွဲတော်ကို SSPP/SSA ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး စဝ်ပန်ဖ နှင့် ဇနီး ဒေါ်နန်းဆိုင်ခမ်းလီတို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
“နှစ်တိုင်း နယ်(၈)နယ်ရှိ လားဟူများ စုပေါင်းပြီး ရိုးရာဓလေ့ လက်ဆေးမင်္ဂလာယူကြတာရှိတယ်။ အထက်လူကြီးတွေကလည်း မြို့နယ် တစ်မြို့နယ်ဆို လူဘယ်လောက် ပါဝင်ရမယ် ဆိုပြီး ပြောထားတာလည်းရှိတယ်။ ခေတ်အခြေအနေကြောင့်ရယ်လည်း ပါမယ်။ ဒီနှစ်တော့ ဟိုးအရင်အရင်နှစ်လောက် လူမစည်ဘူး” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
နှစ်သစ်ကူး စုပေါင်းပွဲသို့ လားရှိုး၊ တန့်ယန်း၊ ဝမ်စိမ်း၊ နမ့်စန်၊ မိုင်းရှူး၊ ခိုလန်၊ကျေးသီး၊ မိုင်းရယ် မြို့နယ်တို့ရှိ လားဟူ၊လီဆူ တိုင်းရင်းသားများ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။
ထို စုပေါင်းနှစ်သစ်ကူးပွဲကို (၂၀၂၅)ခုနှစ် ဖေဖော် ဝါရီ(၆)ရက်နေ့ည (၆)နာရီအချိန်မှာ စတင်ပြုလုပ်ပြီး လားဟူ ရိုးရာအကများအတွက် SSPP/SSA ဥက္ကဌနှင့် ဇနီးမှ ဆုတော်ငွေ သိန်း(၁၀၀) ဂုဏ်ပြု ချီးမြင့်ကြောင်း SSPP info တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ(၇)ရက် ဝမ်ဟိုင်း ဌာနချုပ်တွင် လားဟူစုပေါင်း နှစ်သစ်ကူးပွဲနှင့်အတူ (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကိုပါ တစ်ပါးတည်း ကျင်းပပြုလုပ်ခဲ့ရာ SSPP/SSA၏ သင်တန်းသားများကို သင်တန်းဆင်း လက်မှတ်ချီးမြှင့်ခြင်း၊ တာဝန်ရှိသူ လူကြီးများမှ အမှာစကားပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
#PPV0011
#ရိုးရာပွဲ
#လားဟူနှစ်သစ်ကူး
#SSPP
#ဌာနချုပ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။