ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၆၊၂၀၂၅
ရှမ်းပြည်နယ်မြို့တော် ၊ တောင်ကြီးမြို့ ရှိ ကွန်ဒိုနှင့် တိုက်ခန်းများတွင် ဆိုင်ကယ် သူခိုးများပစ်မှတ်ထား ခိုးယူနေကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ရှမ်းကွင်း ၊ ရွှေတောင်ကြား (၈) ထပ် ကွန်ဒို အောက်တွင် ရပ်ထားသည့် Wave Alpha လိုင်စင်ဘီး မော်တော်ဆိုင်ကယ်ကို ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်း ၈ နာရီကျော်အချိန် ခိုးယူခံလိုက်ရ ကြောင်းသိရသည်။
“ တိုက်ခန်းတွေ ကွန်ဒိုတွေမှာဆိုရင် ဆိုင်ကယ်တွေ အများကြီးရှိတော့ ရတနာသိုက်လိုပဲလေ။ လေးငါး ဆယ်စီးလောက် စိတ်တိုင်းကျခိုးလို့ရတဲ့အတွက်ကွန်ဒိုတွေကို လိုက်ခိုးနေတာ ၊ တောက်လျောက်ပဲဖြစ်နေတယ်။ အနောက်မြို့ပတ်လမ်း က ကွန်ဒိုနဲ့ တိုက်ခန်းတွေမှာ ရက်ပိုင်းအတွင်း လိုက်ခိုးနေတာ ပါ “ဟု မြို့ခံ တစ်ဦးက ဆိုသည်။
တောင်ကြီးမြို့ ၊ အနောက်မြို့ပတ်လမ်း ၊ နိဗ္ဗာန်လမ်းဆုံ အနီးရှိ နေအိမ် တစ်အိမ်တွင် ငါးရက်အတွင်း မော်တော်ဆိုင်ကယ် ၂ စီး ခိုးယူခံလိုက်ရကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁) ရက်တွင် တစ်ကြိမ် ၊ ဇန်နဝါရီလ (၂၈) ရက်တွင် တစ်ကြိမ် ဆိုင်ကယ်သူခိုးများ အတင့်ရဲစွာ နေအိမ်အတွင်း ဝင်ရောက် ခိုးယူခဲ့ကြောင်း သိရသည်။
ရပ်ကွက်နေ ပြည်သူတစ်ဦးက” ဆိုင်ကယ်တွေ တအား ပျောက်တယ်။ ဆိုင်ကယ်တွေ ပျောက်ပြီး နောက်ရက်တွေ တိုက်ခန်းတွေကို နောက်ထပ် လာခိုးတာ ဆိုင်ကယ်တွေ လေးစီးတောင် သော့ဖျက်ထားတာ ၊ ခိုးမရလို့ ထင်တယ်။ သော့ အပျက်လိုက် ထားခဲ့ကြတယ်။ ရပ်ကွက် ထဲမှာ ရှိတဲ့ တိုက်ခန်းတွေမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေကိုလည်း ဝင်ခိုးလေ့ ရှိတယ်။ သူခိုးတွေက အဖွဲ့လိုက် ခိုးကြတာပါ။ သူတို့က နေရာတွေကို ကြိုတင်လေ့လာထားပြီးသား ၊ ဆိုင်ကယ်သိုက် ရှိတဲ့ နေရာကို ဝင်ဖောက်တာပါ။ ခိုးတဲ့ အခါမှာလည်း အရမ်းမြန်ပါတယ်။ သတိထားဖို့ လိုပါတယ်။”ဟု ပြောသည်။
တောင်ကြီးမြို့တွင် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှု နေ့စဉ် ဖြစ်ပွားနေပြီး ပုံစံ မျိုးစုံဖြင့် လိမ်လည် ခိုးယူနေကြောင်း သိရသည်။
ဇန်နဝါရီလ ၃၀ ရက် ညပိုင်း အချိန်တွင် ပျောက်ကျား ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသား ၂ဦး ဆိုင်ကယ်ကို တားခဲ့ကာ စစ်သားထင်သဖြင့် ဆိုင်ကယ် ရပ်ပေးစဉ် ဆိုင်ကယ်ပေါ်က ဆင်းခိုင်းပြီး မောင်းယူ ထွက်ပြေးခြင်း ဖြစ်ကြောင်းသိရသည်၊။
#PPV-006
#သူခိုး
#မှုခင်း
#Taunggyi
#ဆိုင်ကယ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။