ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၅၊ ၂၀၂၅
လွယ်နွဲ့ကျေးရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ရာ ရွာခံဦးပြား အသက်(၇၄)နှစ် ပွဲချင်းပြီး သေဆုံးပြီး၊ မမီးပုံ့(၄၈)နှစ်နှင့် မေသူဆွေ(၂၇)နှစ်တို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဘုရားတောင် လွယ်နွဲ့ကျေးရွာကို ယနေ့ ဖေဖော်ဝါရီ(၅)ရက် မနက်(၇)နာရီ (၁၃)မိနစ်အချိန်မှာ စစ်ကောင်စီတပ်မှ ဖယ်ခုံ အနောက်ဘက်ခြမ်း သစ်ပင်ကောက်မှနေပြီး လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်။ ကျွန်မတို့ပြည်သူတွေရဲ့ လွတ်လပ် လုံခြုံစွာအသက်ရှင် နေထိုင်ခွင့်ကို အကြမ်းဖက် စစ်တပ်နဲ့ လက်ပါးစေ PNA/PNOက နေ့စဉ်နှင့်အမျှ ချိုးဖောက် လုပ်ဆောင်နေတာ။ သူတို့ရဲ့ လုပ်ရပ်က ယုတ်မာ ယုတ်ညံ့လွန်းတဲ့ စစ်မိစ္ဆာတွေပါ” ဟု အင်းလေးဒေသ လူ့အခွင့်အရေး တာဝန်ရှိသူက ခမ်းသားငေါဝ်းကို ပြောသည်။
ထို့အတူ ယနေ့နံနက်ပိုင်း (၈)နာရီ မိနစ်(၄၀)အချိန်တွင်လည်း ဘုရားတောင် စစ်ဘေးရှောင် နေထိုင်ရာ ဈေးကုန်း/စစ်ရှောင်စခန်းမှာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“နေရာ အနံ့ပေါ့ အရပ်သားပြည်သူတွေကို လေကြောင်း လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် အပြစ်မဲ့ ကလေးတွေ အပါအဝင် အရပ်သားပြည်သူတွေ နေ့စဉ်နဲ့အမျှ အသက်အန္တာရာယ် ထိခိုက်ခဲ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ကိုဖိုးဝ လွိုင်ကော်မုံပြာ အသက်(၄၄)နှစ် သေဆုံးခဲ့ရပြီး ဦးကျော်(ဖယ်ခုံ) အသက်(၅၇)နှစ်(စိုးရိမ်ရဒဏ်ရာ)၊ ဒေါ်ငဲသီ၊ ကျော်စွာဝင်း၊ ကိုသားပု၊ ကိုလွမ်းမိုးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၂၉)ရက်မှယလည်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ရေပူကျေးရွာ အုပ်စု ရေပူကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး အရေအတွက်(၂၀)ကြိမ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လွယ်နွဲ့ကျေးရွာ
#လက်နက်ကြီးဖြင့်ရည်ရွယ်ချက်ရှိရှိပစ်ခတ်
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ဘုရားတောင်လွယ်နွဲ့ကျေးရွာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။