ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၊၂၀၂၅

ကရင်နီပြည်နယ်တဝန်း၌ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဥ် အနည်းဆုံး (၁၀၈)ခု ကျူးလွန်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ယနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ လူ့အခွင့်အရေးကျူးလွန်မှုများသည် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ စနစ်တကျကျူးလွန်မှုများဖြစ်ပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် အမျိုးသမီး၊ ကလေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီးရွယ်အိုများ အပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း သက်ရောက်မှုပြင်းထန်စေခဲ့ကြောင်းဖော်ပြထားသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း စစ်မြေပြင်နှင့် ဝေးကွာသည့် အရပ်သားပြည်သူ နေထိုင်ရာ နေရာများကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ၊ ဒရုန်းဗုံး ကြဲချမှုများ၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသောကြောင့် ပြည်သူများ နေ့စဥ်နှင့်အမျှအသက်အန္တရာယ်ရင်ဆိုင်နေရကြောင်းဆိုသည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်သည့် ဖြစ်စဥ် များထဲတွင် လေကြောင်းတိုက်ခိုက်မှု ၂၅ ခုနှင့်အထက်၊ Drop ဗုံးကြဲသည့် ဖြစ်စဥ် ၁၁ ခု၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသည့် ဖြစ်စဥ် ၂၆ ခု၊လက်နက်ကြီးပစ်ခတ်သည့် ဖြစ်စဥ် ၄၆ ခု ရှိခဲ့ကြောင်း IEC က ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်ခံရမှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း အရပ်သားပြည်သူ သေဆုံးမှု ၁၀၆ ကျော်ရှိနေပြီး အများစုမှာ လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၅၀ ဦးထက်မနည်း ရှိကြောင်းသိရသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့်လည်း စစ်ကောက်စီကို လေယာဥ်ဆီတင်ပို့ရောင်းချမှုများ မပြုလုပ်ကြရန်နှင့် ဆေးရုံ၊စာသင်ကျောင်း၊စစ်ရှောင်စခန်းများကို ပစ်ခတ်ဖျက်ဆီးခြင်းများ ရပ်တန့်ရန်၊ စစ်ကောင်စီကို လက်နက်နှင့် နည်းပညာများထောက်ပံ့ခြင်းကိုရပ်တန့်ပေးရန် နှင့် စစ်ကောင်စီကို အဖက်ဖက်မှ ဖိအားပေးရန် IEC ကတောင်းဆိုထားသည်။

ပံုစာ- ဖယ်ခုံအနောက်ခြမ်းလေယာဥ်ဗုံးကြဲခံရ ပုံဟောင်း

#PPV 003
#Humanright
#ကရင်နီ
#IEC
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။