ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉၊ ၂၀၂၅

ဟိုပုံးမြို့ပေါ်ရှိရပ်ကွက်များတွင် တစ်ရက်ကို လျှပ်စစ်မီး ၁၅ မိနစ်သာ ပေးသည့်အတွက် ဒေသခံများ မျိုးစုံ အခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံများထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ပေါ်တွင် လျှပ်စစ်မီး ပုံမှန်မရသည့်အပြင် တစ်ရက် ၁၅ မိနှစ်ကို သုံးကြိမ်ခွဲပေးခြင်းသည် ဘာမှလုပ်၍မရဘဲ အကုန်လုံးပျက်စီးဆုံးရှုံးနေရပြီး အွန်လိုင်းပညာရေးများလည်း ရပ်တန့်ခဲ့ရကြောင်း သိရသည်။

‘’၁၅ မိနစ်ပြည့်အောင်တောင်မပေးလို့ အွန်လိုင်းပညာရေးစစ်နစ်ဆုံးရှုံးခဲ့ရပြီ၊ ကျန်တဲ့ စီးပွားရေးကဏ္ဍဆိုပိုဆိုး တယ်၊ ၅ မိနစ်ပေး တခါပျက်နဲ့ ၅ မိနစ်သုံးခါလာပြီး မလာတော့ဘူး။ EPC ကို ဖုန်းဆက်ရပေါင်းလည်းမနည်း တော့ဘူး၊ သူတို့က ဓါတ်အားမလောက်လို့ လျော့ခိုင်းထားတာဆိုပြီးပြန်ပြောတာပေါ့” ဟုဒေသခံတစ်ဉီးက ခမ်းသားငေါဝ်းကိုပြောသည်။

ဇန်နဝါရီ ၂၈ ရက်က တစ်နာရီဝန်းကျင် လျှပ်စစ်မီးပေးနေပြီး တစ်နာရီမပြည့်ခင်ပျက်သွား​ကြောင်း သိရသည်။

လျှပ်စစ်မီးမရ၍ အင်တာနက်လိုင်း၊ ဖုန်းလိုင်း အခက်ခဲရှိသလို လျှပ်စစ်မီးနှင့် အလုပ်လုပ်ရသည့် အလုပ်မှန်သမျှ ရပ်တန့်ရနီးပါးဖြစ်နေရကြောင်းသိရသည်။

လျှပ်စစ်မီး ပုံမှန်မရ၍ ထမင်းဟင်းချက်ပြုတ်ရာတွင် အခက်ခဲရှိသလို အွန်လိုင်းဖြင့်လုပ်ဆောင်ရသည့် အလုပ်မှန်သမျှ အခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။

#ppv002
#ဟိုပုံး
#လျှပ်စစ်မီး
#ဒေသခံအခက်ခဲဖြစ်