ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၈၊၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ရှောင်စခန်းများတွင်ရောက်ရှိ ခိုလှုံနေကြသော ကလေးငယ် တစ်ဝက်ခန့်က ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း သိရသည်။

တောင်ကြီးမြို့နယ်ရှိ ကျေးရွာများတွင် ဆီဆိုင် ၊ လားရှိုး ၊ကရင်နီ (ကယား)ပြည်နယ်တို့မှ စစ်ဘေးရှောင်သူများသည် စစ်ရှောင်စခန်းပေါင်း ၁၀ နေရာထက် မနည်း ရှိပြီး တစ်နေရာတွင် ပျှမ်းမျှ လူဦးရေ တစ်ရာ​ ကျော်ခန့် နေထိုင်ကြကြောင်း သိရသည်။

နေရပ်စွန့်ခွာ စစ်ရှောင်စခန်းတစ်ခုတွင် လူဦးရေပေါင်း တစ်ရာကျော် ရှိလျှင် ကလေးငယ် ၃၀ ဦးမှ ၄၀ ဦးခန့် ရှိကာ၊ အမျိုးသမီး နှင့် သက်ကြီးရွယ်အို အများစု ဖြစ်ပြီး ထိုကလေးငယ်များသည် ပညာရေး တစ်ပိုင်းတစ ဖြင့် ကျောင်းဆက်တက်ခွင့် ဆုံးရှုံးသူများလည်း ရှိကြောင်း သိရသည်။

“တချို့ ကျောင်းပြောင်း လက်မှတ်မရှိသူတွေ ၊ အိမ်ထောင်စု စာရင်းနဲ့ မွေးစာရင်း မရှိတဲ့ကလေးတွေ ဆိုရင်တော့ ကျောင်းတက်လို့ မရတော့ဘူး။ ဘာသာရေး ကျောင်းတွေမှာ ပညာရေး နောက်မကျ အောင်လို့ ထားပေးတာပဲရှိတယ်။ ဘုန်းကြီး ကျောင်းတွေမှာလည်း လူမှုရေးအသင်းအဖွဲ့တွေက စာသင်ပေးတာတွေ ရှိပါတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေ ကလည်း ဘာသာစကား အခက်အခဲ ကြောင့် ပညာသင်ကြားရေး အခက်အခဲတွေလည်း ရှိနေပါတယ်။ မိဘမဲ့ ကျောင်းတွေမှာလည်း ကလေးတွေ အများကြီး စုပေါင်း နေထိုင်တာလည်း ရှိပါတယ်။ သူတို့တွေ ကျောင်းတက်ခွင့် ရကြပါတယ်။ ကျောင်းဆက် မတက်နိုင်တဲ့ တချို့တလေ တော့လည်း ရှိပါတယ်။ ”ဟု တောင်ကြီးမြို့ ရှိ စစ်ရှောင် စခန်းတစ်ခုမှ ခိုလှုံသူတစ်ဦးက ဆိုသည်။

ညောင်ရွှေမြို့နယ်တွင်လည်း စစ်ရှောင် စခန်း ၈ ခု ထက် မနည်း ရှိပြီး ကလေးငယ်ပေါင်း ၃၀၀ နီးပါးခန့် ရှိနိုင်ကြောင်း ခန့်မှန်းခြေ သိရသည်။

တချို့ ကလေးငယ်များသည် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြပြီး ကျောင်းဆက် တက်ခွင့် ရရှိသော ကလေးငယ် အနည်းစုသာရှိကြောင်း သိရသည်။

ထို စစ်ရှောင်များကို မတ်လကုန် ကျောင်းပြီးလျှင် စခန်းများ ပိတ်သိမ်းခိုင်းနေသဖြင့် နေရပ်လည်း မပြန်ရဲကြဘဲ ဘေးဒုက္ခ အခက်အခဲ မျိုးစုံကြုံတွေ့နေရကြောင်း သိရသည်။

တောင်ကြီးမြို့နယ် တွင်းရှိ တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ အေးသာယာမြို့ တို့တွင် လားရှိုး၊ ဆီဆိုင် ၊ ကယားပြည်နယ် တို့မှ စစ်ဘေးရှောင် လူဦးရေ ထောင်ပေါင်း များစွာ ခိုလှုံနေကြခြင်း ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး နှင့် လွိုင်ကော် တို့မှ ရွေ့ပြောင်းလာသော နေရပ်စွန့်ခွာ စစ်ဘေးရှောင် များသည် တောင်ကြီးမြို့တွင် ခိုလှုံနေကြရပြီး ၊ ကျောင်းပညာရေး သင်ကြားရာတွင်လည်း ဘာသာစကား၊ နယ်မြေ ဒေသအပြောင်းအလဲ ကြောင့် အခက်အခဲ ပေါင်း များစွာ ကို ရင်ဆိုင် ကြုံတွေ့ ရခြင်း ရှိကြောင်း ပညာရေး ဝန်ထမ်းများ ပြောပြချက် အရ သိရသည်။

ကလေးငယ်များ ကျောင်းပြင်ပရောက် ခြင်းနှင့် ပတ်သက်သော စစ်တမ်းတစ်ခုတွင် ခေတ်စနစ် နိုင်ငံရေး အခြေအနေ အရ များစွာမူတည်ပါကြောင်း၊ အိမ်ထောင်စုတိုင်း မိသားစု အခြေအနေ များနှင့် စီးပွားရေး အခြေအနေများတို့၏ ရိုက်ခတ်မှုကြောင့် ကျောင်းပြင်ပရောက် ကလေးငယ် များလာခြင်း ဖြစ်ကြောင်း ၊ နယ်မြေ တည်ငြိမ်မှု မရှိခြင်း ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရခြင်း တို့ကြောင့်လည်း သက်ဆိုင်ကြောင်း ဖော်ထုတ်ထားသည်။

“လူတိုင်းပညာသင်ကြားခွင့်ရှိပြီး၊ အနိမ့်ဆုံးမူလတန်း ပညာကိုအခမဲ့ သင်ကြားခွင့်ရှိကြောင်း” အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ​ရေးကြေညာ စာတမ်းတွင် အတိအလင်းဖော်ပြထားသော်လည်း လက်တွေ့တွင် ပညာသင်ကြားခွင့် ဆုံးရှုံးနေသောစစ်ဘေး ရှောင် ကလေးငယ် ပေါင်းများစွာ ရှိနေကြသည်။

မြန်မာ့ကလေးငယ် ၆ သန်းခန့်သည် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃.၅ သန်းနီးပါး၏ ၃၃ ရာခိုင်နှုန်းကျော်မှာလည်း ကလေးများဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံတွင် ကလေးငယ် ၄ သန်းကျော် ပညာ သင်ကြားခွင့် ဆုံးရှုံးနေပြီး၊ ကလေးငယ်ပေါင်း ၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသည်ဟု Unicef ထုတ်ပြန်ချက် အရသိရသည်။

ထို့ပြင် ကလေးငယ် ၄ သန်းကျော်သည် ပညာရေးကို ဆုံးရှုံးနေရပြီး ယခုအခါတွင် တိုက်ခိုက်မှုများတွင် ပစ်မှတ်ထားခံရခြင်း၊ အဓမ္မစုဆောင်းခံရခြင်း၊ နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းခြင်း၊ စောစီးစွာ အိမ်ထောင်ပြုခြင်း အပါအဝင် ပြင်းထန်သော ချိုးဖောက်မှုများနှင့် အလွဲသုံးစားပြုမှု အန္တရာယ်များနှင့် ကြုံတွေ့နေရကြောင်း ယူနီဆက်(မြန်မာ) စစ်တမ်းအရ သိရသည်။

#PPV-006
#ပညာရေး
#ကလေးအခွင့်အရေး၊
#စစ်ဘေးရှောင်
#Taunggyi