ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊ ၂၀၂၅
ဆီဆိုင်မြို့အရှေ့ဘက်ကို စစ်ကောင်စီနှင့် PNO ပြည် သူ့စစ်တို့အဆိပ်ပါသည့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်လာကြောင်း ဇန်နဝါရီ(၂၅) ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) မှ ထုတ်ပြန်လာသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာများကိုစစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ နေ့စဉ်တိုက်ခိုက်လျက်ရှိရာ အဆိပ်ပါဝင်သည့် လက်နက်ကြီးကျည်ဖြင့် ကျေးရွာအတွင်းသို့ တိုက်ခိုက်ဖျက်ဆီးနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ဒါကတော့ ကျွန်တော်တို့ တူးဖော်ရရှိခဲ့တဲ့ မကွဲသေးတဲ့ (၁)လုံးပါ။ သူတို့အသုံးပြုလာတာတော့ အလုံးပေါင်းများစွာ ရှိပါတယ်။ စစ်ကောင်စီက အဆိပ်ကျည်တွေကို အသုံးပြုလာတာဖြစ်ပါတယ်။ ဒါကလူသားအပေါ် ကျူးလွန်နေတဲ့ လူသား ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်” ဟု PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကို ပြောသည်။
ဇန်နဝါရီ(၂၄)ရက်က စစ်ကောင်စီမှ ပစ်ခတ်လာသည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် (၁)လုံးကို PNLA မှ တူးဖော်ရရှိခဲ့ကာ လက်နက်ကြီးကျည်မှာ အဆိပ်ကျည် ဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို ကျည်ပေါ်တွင် အဆိပ်ဟု ရေးထားသည့် စာသားတွေ့ရပြီး အဆိပ်ထွက်ပေါက်များ ပါဝင်သည့်အပြင် ပအိုဝ်းဒေသတွင် စစ်ကောင်စီမှ အဆိပ်ကျည် အသုံးပြုတိုက်ခိုက်လာသည်မှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်များတွင် စစ်ကောင်စီမှ အဆိပ်ကျည် အသုံးပြု တိုက်ခိုက်မှုကြောင့် ရဲဘော်အချို့မှာ အရေပြားယားယံခြင်း၊ မူးဝေအော့အန်ခြင်းအပြင် အပြင်းအထန်ဖျားခြင်း ဝေတနာကို ခံစားခဲ့ရကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီမှ အဆိပ်အသုံးပြုပြီး ပအိုဝ်းဒေသ လူမျိုးများအား တိုက်ခိုက်ခြင်းသည် ကျင့်ဝတ် မဲ့စွာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေခြင်း ဖြစ်ကြောင်း PNLA ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
” ဒါတွေက စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ပအိုဝ်းလူမျိုးတွေကို အဆိပ်နဲ့ သတ်ဖို့ ကြိုးစားနေတဲ့ လူမျိုးတုံး သတ်ဖြတ်မှု တစ်မျိုးလည်းဖြစ်ပါတယ်။ ဒီလိုမျိုး အဆိပ်ကျည်ကို ကျေးရွာများစွာသို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဆီဆိုင်မြို့အရှေ့ဘက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့ အင်အား(၇၀၀)ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နေ့စဉ်တိုက်ပွဲဖြစ်ပွားကာ ပအိုဝ်းပြည်သူများအား ပေါ်တာဆွဲခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းများ လုပ်ဆောင်နေကြောင်းပြောဆိုထားသည်။
ဆီဆိုင်မြို့နယ် အရှေ့ခြမ်းတွင်ရှိသော ကျေးရွာများကို စစ်ကောင်စီမှ ပြီးခဲ့သည့် ဇန်နဝါရီ(၂၂)ရက်က ဗုံးကျဲတိုက်ခိုက်မှု(၄)ကြိမ်၊ ဇန်နဝါရီ(၂၃)ရက်မှာ (၂)ကြိမ်နှင့် ဇန်နဝါရီ(၂၄)ရက်မှာ (၂)ကြိမ်ဖြင့် ပအိုဝ်းဒေသ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့် PNOပြည်သူ့စစ်၏ လက်နက်ကြီး၊ဒရုန်း၊ မီးလောင်ဗုံးများ၊ လေကြောင်းတိုက်ခိုက်မှု တို့ကြောင့် ပအိုဝ်းဒေသ ထီဆုံကျေးရွာ နေအိမ်(၆၀) ကျော် မီးလောင်ပျက်စီးခဲ့သည့်အပြင် ကျေးရွာများရှိ ဒေသခံပြည်သူ (၄၀၀၀)ကျော် တောတောင်ထဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
#PPV0011
#Humanright
#အဆိပ်
#လက်နက်ကြီး
#ဆီဆိုင်
#PNLA