ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၅

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသို့ရောက်ရှိသည့်ပအိုဝ်းလူငယ်များသည် စစ်မှုထမ်းအတွက် တစ်နှစ်စာ တစ်ဦး ၆ သိန်းထည့်ဝင်နေရကြောင်း စုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့နယ် ကျေးရွာများတွင် PNO အုပ်ချုပ်ရေးစနစ်အောက်မှ လှုပ်ရှားနေသည့် အွိုင်းလူကြီးများသည် နိုင်ငံခြားရောက် ပအိုဝ်းလူငယ်အမျိုးသားများကို စစ်မှုထမ်းအတွက်ဆိုပြီး တစ်နှစ်စာ တစ်ဦး ၆ သိန်းကောက်ခံသည့်အတွက်အခက်အခဲဖြစ်ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ အတွက် နိုင်ငံခြားရောက်ရှိနေသည့် ကျောက်တလုံးကြီးမြို့နယ် ကျေးရွာများတွင် စစ်မှူးထမ်းအတွက် အသက် ၁၈ နှစ် မှ ၃၅ နှစ် အမျိုးသားများ တစ်ဦးကို တစ်နှစ်စာ ၆ သိန်းထည့်ဝင်ပေးခဲ့ရသည်။

“ ကောက်တာကတော့ ကျေးရွာ အွိုင်းလူကြီးတွေက ကောက်တာ စာရင်းလည်းမပြဘူး။ သူတို့ တကယ်သုံးနေလားဆိုတာလည်းမသိရဘူး။ သူတို့တောင်းသလောက်ထည့်ရတယ်။ ၆ သိန်းကတော့ အရမ်းများတယ်။ နိုင်ငံခြားရောက်နေတဲ့သူတွေက အဆင်ပြေလား မပြေလားသူတို့မသိဘူး။ တောင်းသလောက်မထည့်နိုင်ရင် စစ်မှူးထမ်းဖို့ ကိုယ့်သားသမီးပြန်ခေါ်အဲလိုပဲပြောတယ်” ဟု နိုင်ငံခြားရောက် အမျိုးသားလူငယ်တစ်ဦးကပြောသည်။

အထက်လူကြီးများကောက်ခိုင်းသည့်ပမာဏအတိုင်း မဟုတ်ဘဲ တဆင့်တဆင့် တိုးကောက်ခြင်းကြောင့်ပမာဏ အရမ်းများသွားပြီး လက်ရှိ စီးပွားရေးအရ အဆင်မပြေသည့်တောင်သူဒေသခံများကပမာဏအများကြီးပေးဆောင်ရသည့် အပေါ် ဝန်ပိပြီး အခက်အခဲဖြစ်နေကြောင်း ၄င်းက ပြောသည်။

အစ်ကိုအတွက် စစ်မှုထမ်းထည့်ဝင်ပေးနေရသည့် အမျိုးသမီးတစ်ဦးက“စစ်မှုထမ်းဖို့ ကောက်တယ်ပအိုဝ်းအရေးတကယ်လုပ်တယ်ဆိုရင် ပြည်သူတွေကိုလေးစားတဲ့အနေနဲ့ စာရင်းရှင်းတမ်းလုပ်ပေးစေချင်တယ်။ အခုက ကြားကနေပဲ ဘယ်သူအိတ်ထဲရောက်ကုန်လည်းဆိုတာ ဘယ်သူမှမသိဘူး။ နစ်နာတာက ပြည်သူတွေပဲ။ တစ်နေ့လုပ်တစ်နေ့စားရတဲ့သူတွေလည်းအများကြီး။ သူတို့သားသမီးနိုင်ငံခြားသွားတာကလည်း အောက်လမ်းနဲ့ အချို့ဆိုအကြွေးလည်းမကျေသေးဘူး။ ကျမအကိုဆို အလုပ်မရသေးဘူး။ ပမာဏအရမ်းများတော့ အခက်အခဲဖြစ်တာပေါ့” ဟု ပြောသည်။

ထိုသို့ နှစ်စဉ်နှစ်တိုင်း စစ်မှုထမ်းအတွက်အပါအဝင် အခြားသော ခေါင်းစဉ်အမျိုးမျိုးဖြင့် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီအတွက် အခွန်ကောက် သမျှထည့်ဝင်နေရသည့်မှာ စစ်တပ်အာဏာ သိမ်းပြီးနောက် ပအိုဝ်းဒေသတွေမှာ ပိုမိုဆိုးရွား လာကြောင်းသိရပါသည်။

#ppv010
#Humanright
#ပြည်သူ့စစ်
#PNO

You missed