ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊၂၀၂၅

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့ရှိ မိုင်းရှူးတိမ်ပင်လယ်၊ ဟိုက်ပါရေတံခွန်တို့တွင် ယခုလအတွင်းမှာ လည်ပတ်သူများစတင်လာကြောင်း ဇန်နဝါရီ (၂၃) ရက်ကစုံစမ်းသိရသည်။

ပြီးခဲ့သည့်နှစ်သည် ဒေသအခြေအနေ မတည်ငြိမ်မှုကြောင့် လာရောက်လည်ပတ်သူ လျှော့နည်းခဲ့ပြီး (၂၀၂၅)ခုနှစ် ဇန်နဝါရီလမှ စပြီး သွားရောက်လည်ပတ်သူများလာ ကြောင်း ဒေသခံထံမှ သိရသည်။

“ဆောင်းတွင်း ပြီးတော့ ပွဲကာလဖြစ်တော့ ဒီလမှာက လည်ပတ်သူ ပိုများလာတယ်။ ပြီးတော့ တနှစ်လုံး စိတ်ပင်ပန်းမှုကို ဖြေလျော့လို့ ကောင်းတဲ့နေရာလည်း ဖြစ်တော့ လာလည်ကြတယ်”ဟု ‌ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့ရှိ ဟိုက်ပါရေတံခွန်သည် ရှမ်းပြည်ရှိ အလှဆုံးရေတံခွန်ဖြစ်​ခြင်းကြောင့် ယခင်က ပြည်တွင်းသာမက နိုင်ငံခြား သားများပါ စွဲဆောင်နိုင်သော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

” ဟိုးအရင်ကလောက်တော့ လည်ပတ်သူမရှိပေမဲ့ အရင်နှစ်ထက်စာရင် လာလည်တဲ့သူက ပိုများတယ် ပြောရမယ်။ အောက်ပြည်က ဘုရားဖူး ခရီးသွားတဲ့သူ‌တွေလည်း လာကြတာတွေ့တယ်။ အခုက သွားလာလို့ အဆင်ပြေတယ်။ သွားတဲ့ဂိတ်မှာ စောင့်တဲ့သူတွေက ဘယ်ကလာပြီး ဘယ်ကိုသွားမလဲ ဒီလောက်ပဲမေးတယ်” ဟု ‌ဟိုက်ပါရေတံခွန်သို့ အလည်သွားခဲ့သူက ပြောသည်။

မိုင်းရှူးမြို့နယ်ထဲတွင် လည်ပတ်စရာနေရာက ဟိုက်ပါရေတံခွန်၊မိုင်းရှူး တိမ်ပင်လယ်၊ ရေပြာအိုင်အပြင် ရေကူးကြသည့် ချောင်းလည်းရှိပြီး သတိမထားပဲ ရေကူးကြသူများ ရေနစ်သေဆုံးသည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း သိရသည်။

နောက်ထပ်ဒေသခံ တစ်ဦးက”အရင် ဒီဇင်ဘာတုန်းက ရေကူးကြတဲ့ လူငယ်နှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်။ ချောင်းမှာ ရေကစားကြမယ်ဆိုရင်တော့ သတိတော့ ထားရမှာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ(၂၁)ရက်တွင် မိုင်းရှူးမြို့ ဟိုက်ပါရေတံခွန်တွင် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ နယ်လှည့် သာသနာပြု ခရီးစဉ်ရှိခဲ့ပြီး ဆရာတော်ဘုရားအား ယုံကြည်သက်ဝင်သူများ စည်ကား သိုက်မြိုက်စွာ အကြည်ညိုခံခဲ့ရာမှာလည်း အလည်အပတ်သွားသူများ ပိုမိုများခဲ့ကြောင်း သိရသည်။

photo credit Online

#PPV0011
#ခရီးသွား
#မိုင်းရှုး
#ဟိုက်ပါရေတံခွန်

You missed