ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၅
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူး၊ကျေးသီး၊ ခိုလမ်၊နမ့်စန်မြို့နယ်တွင် နေထိုင်ကြသော ယခင်က မူးယစ်ဆေးသုံးစွဲမှုကြောင့် မိဘများမှ မူးယစ်ဆေးဖျက်နိုင်ရန် ရှမ်းအရှေ့ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ အလုပ်လုပ်ကိုင်ရန် သွားခိုင်းသောသူများသည် မူးယစ်ဆေး သုံးစွဲမှု ပိုမိုဆိုးရွားလာကြောင်း ဇန်နဝါရီ(၂၂)ရက်တွင် သိရသည်။
“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော မိုင်းလား၊ မိုင်းပေါက်၊ ကျိုင်းခမ်း တို့ရှိ စက်ရုံအလုပ်ရုံ၊ ရော်ဘာခြံတို့တွင် အလုပ်လုပ်ကိုင်ရန် သွားကြသည့် ရှမ်းတောင်တွင် နေထိုင်ကြသော မူးယစ်ဆေးသုံးစွဲသူများသည် မူးယစ်ဆေးသုံးစွဲမှု ပိုဆိုးလာပြီး လုပ်အားခ တစ်ပြားမှ မကျန်ပဲ အလုပ်မလုပ်နိုင်တော့၍ အလုပ်ရှင်မှ မောင်းထုတ်ရသည့် အခြေအနေထိ ရှိကြောင်း ရှမ်းတောင် ဒေသခံထံမှ သိရသည်။
” အိမ်မှာလည်း အလုပ်တွေက အဆင်မပြေဘူး။ ဟိုဖက်ဆို မူးယစ်ဆေး မသုံးရဘူး ကြားတော့ သွားခိုင်းလိုက်တာ အခုက လုပ်အားခ တစ်ပြားမှ မကျန်တော့ အိမ်တောင်ပြန်မလာနိုင်ဘူး။ အဓိကတော့ မူးယစ်ဆေး(WY) မသုံးရင် အလုပ်တောင် မလုပ်နိုင်တော့ဘူးတဲ့” ဟု ရှမ်းတောင်နေထိုင်သူ မိခင် တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
မိသားစုထဲတွင် စားဝတ်နေရေး အဆင်မပြေမှုအပြင် အိမ်ထောင်ဦးစီး ဖြစ်သူမှ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ရှမ်းအရှေ့ဖက်သို့ မိသားစုလိုက် အလုပ်သွားလုပ်ကြရာ ကလေး၏ ပညာရေးပိုင်းတွင် ရပ်နားလိုက်ရသော မိသားစုများစွာ ရှိကြောင်း သိရသည်။
” ကလေးက ကျောင်း(၄)တန်း၊ အငယ်လေးဆို (၂)တန်း တက်ခဲ့တယ်။ ကလေးကိုပဲ ထားခဲ့ပြန်ရင်လည်း မရဘူးလေနော်။ ခေါ်သွားတော့ ဟိုမှာက အများစု တရုတ်ကျောင်းထားကြတာ များတယ်။ ဒါမဲ့ ဒီကသွားတဲ့သူကတော့ ကလေးပညာရေးကို ဆက်မထားပေးနိုင်တော့ဘူး” ဟု ကျိုင်းခမ်းဘက်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
တစ်ဖက်မှာလည်း ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကျေးသီးမြို့နယ်၊ ခိုလမ်မြို့တို့တွင် SSPP/SSAမှ မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးမှု ရှိနေသောကြောင့် မူးယစ်ဆေးသုံးစွဲသူများ အနေဖြင့် တခြားနယ်တွင် ပြောင်းရွေ့ အလုပ်လုပ်ကိုင်ကြသူများ အများအပြားရှိကြောင်း သိရသည်။
” ဖမ်းသွားတာထက်စာရင် ပိုကောင်းမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လာကြတာပေါ့။ အဆင်ပြေတဲ့ မိသားစု ရှိသလို။ ဒုက္ခပိုရောက်ကြတဲ့သူလည်း အများကြီး။ မူးယစ်ဆေးသုံးစွဲတာကတော့ မရပ်သွားပါဘူး” ဟု အမည် မဖော်လိုသူ အမျိုးသား တစ်ဦးလည်း ပြောသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှု ပေါ်ပေါ်ထင်ထင်ရှိနေပြီး သက်ဆိုင်ရာများမှ ဖမ်းမိသော်လည်း ငွေပေးနိုင်လျှင် အမှုဖွင့် အရေးယူခြင်း မရှိကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#မှုခင်း
#မိုင်းရှူး
#ကျေးသီး
#ခိုလမ်
#နမ့်စန်မြို့နယ်
#မူးယစ်ဆေးသုံးစွဲမှု
#ပိုမိုဆိုးရွားလာကြောင်း