ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၅

မိုင်းလင်းရွာတွင် SSPP/SSA တပ်ဖွဲ့များ နေရာယူထားပြီး ရွာသားများကို တပ်သားစုဆောင်းမှု ရှိနေကာ တပ်သားမလုပ်သူများ အနေဖြင့် ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို ထားခဲ့ကြရကြောင်း ဇန်နဝါရီ(၂၂)ရက်မှာ စုံစမ်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ မိုင်းလင်းကျေးရွာတွင် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် နှစ်စ ပိုင်းကတည်းက ရွာထဲထိ SSPP/SSAမှ ထိန်းချုပ်နေရာ ယူထားကာ ရွာသားများထဲမှ ရွာသူကြီး ဆရာတော်မှ လွဲပြီး တစ်အိမ်မကျန် တပ်သားလုပ်ရကြောင်း ဒေသခံထံမှ စုံစမ်းသိရသည်။

“တစ်အိမ်တစ်ယောက် အကုန်လုပ်ရတယ်။ မလုပ်ချင်တဲ့သူဆိုရင်လည်း တစ်နေရာပြောင်းမယ်ဆို အိမ်မာရှိတဲ့ စက် ထော်လာဂျီတွေ အကုန်ထားခဲ့ရတယ်။ သွားမယ်ဆိုရင် စောင်တစ်ထည် အဝတ်စား ဒီလောက်ပဲ။ ပြောမယ်ဆိုရင် စစ်သားမလုပ်ချင်လို့ ထွက်ပြေးချင်ရင် မသိမသာနဲ့ သွားရတဲ့ ပုံစံမျိုးလေ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ကျေးသီးမြို့နယ် မိုင်းလင်းကျေးရွာဖက်ရှိသော ရွာများအားလုံးမှာလည်း တစ်အိမ်တစ်‌ယောက် မဖြစ်မနေ SSPP/SSAတပ်သားများ စုဆောင်းခံရကြောင်း၊ ရွာထဲရှိ အမျိုးများထံ အလည်သွားသူများကိုလည်း အစစ်ဆေးရှိကြောင်း သိရသည်။

ထို့အပြင် မိုင်းလင်းရွာတွင် ဖုန်း၊ အင်တာနက်လိုင်း မရရှိသော တောင်ပေါ် နေရာဒေသဖြစ်ပြီး SSPP/SSAနှင့် RCSS/SSAတို့ကြား မကြာခဏ စစ်ရေးတင်းမာမှု ရှိသော နေရာ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်တို့တွင် SSPP/SSAနှင့် စစ်ကောင်စီတို့ ပူးတွဲနေရာယူထားပြီး (၂၀၂၅)ခုနှစ် ဇန်နဝါရီလထဲမှာ မကြာခဏ နက်လက်ကြီးသံ၊ မိုင်းကွဲသံများ ကြားနေရကြောင်း ဒေသခံထံမှ သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မိုင်းလင်းရွာ
#SSPP/SSA
#ရွာသားများကိုတပ်သားစုဆောင်း
#တပ်သားမလုပ်သူများ
#ပိုင်ဆိုင်သောပစ္စည်းဥစ္စာများကိုထားခဲ့ကြရ