ခမ်းသားငေါဝ်း
ဩဂုတ် ၁၀၊၂၀၂၃
ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီလမ်းပိုင်း အာရှလမ်းမကြီးသည် ပြီးခဲ့သည့်သြဂုတ်လ ၇ ရက်နေ့ တွင် မိုး‌ရေကြီး၍ ပျက်စီးနေသည့်လမ်းကို ပြင်ဆင်မှုပြုလုပ်နေသဖြင့် ခွင့်ပြုချက်လိုင်စင်ရပြီး ပို့ကုန်သွင်းကုန်များအား မည်သည့်ဂိတ်မဆို ပြောင်းလဲတင်သွင်းခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးဌာနမှ ထုတ်ပြန်ထားပါသည်။
ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရန် ကုန်သွယ်ရေးဇုန်မှ မြန်မာ -ထိုင်းနယ်စပ်ရှိမည်သည့်ဂိတ်မဆိုပြောင်းလဲ တင်သွင်းခွင့်ရှိကြောင်း အသိပေးထားသည်။
ကုန်းလမ်းများအပြင် ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါက ပြောင်းလဲတင်သွင်းခွင့်ရှိကြောင်းလည်းပြောဆိုထားသည်။
“ခုလိုမည်သည့်လမ်းကြောင်းမဆိုတင်သွင်းခွင့်ပေးတာက အဆင်ပြေတယ်၊သို့သော် အခက်ခဲရှိတာက ပို့ကုန်တန်ဖိုးတွေတော့ တက်လာနိုင်တယ်၊
လက်ရှိပျက်နေတဲ့ လမ်းကြောင်းကို အမြန်ဆုံးပြင်ဆင်စေချင်တယ်၊ ကျွန်တော်တို့သွားလာနေကြလမ်းပဲ အဆင်ပြေတယ်လေ”ဟု ကုန်တင်သွင်းပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ မြဝတီမြို့ခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
မိုးရေကြီးမှုကြောင့် သြဂုတ်လ ၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ပြိုကျပျက်စီးခဲ့သည့် အာရှလမ်းမကြီးသည် ပေပေါင်း(၁၀၀)ခန့် ပျက်စီးပြီး ပြန်လည်ပြုပြင်ရန် လချီအချိန်ကြန့်ကြာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာ-ထိုင်းအဓိကဆက်သွယ်ထားသည့် မြဝတီကုန်သွယ်ရေးဇုန်လမ်းပိုင်းသည် နှစ်နိုင်ငံကုန်သွယ် ရေးလုပ်ငန်း အဓိကအသုံးပြုသည့်လမ်းကြောင်းဖြစ်ပြီး ကုန်သွယ်ရေးနှောင့်နှေးမှုဖြစ်လာမည်ကိုစိုးရိမ်ရသည့်အတွက် ယခုကဲ့သို့ မည်သည့်လမ်းကြောင်းမဆို ပို့ကုန်သွင်းများ တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *