ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၈၊၂၀၂၅

စစ်တပ် မတရားအာဏာသိမ်းမှု (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့မှ (၂၀၂၄)ခုနှစ် ဒီဇင်ဘာလအထိ (၄)နှစ်အတွင်း စစ်‌‌ကောင်စီကြောင့် (၁၈)နှစ်အောက် ကလေးသေဆုံးမှု စုစုပေါင်း (၆၉၃)ဦးထိ ရှိကြောင်း (AAPP)၏ စာရင်းအရ သိရသည်။

သေဆုံးခဲ့ရသည့် ကလေးများကို အမည်နှင့် တကွ အတည်ပြုနိုင်ခဲ့ပြီး သေဆုံးရခြင်း အကြောင်းအရင်းသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၂၂၈)ဦး အများဆုံးနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၂၀၈)ဦး ဒုတိယအများဆုံး သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် (၂၀၂၅)ခုနှစ် ဇန်နဝါရီ(၁၇)ရက်အထိ ဒီမိုကရေစီလှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း (၆၁၈၆)ဦးထိ သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ စုစုပေါင်း( ၂၈၂၆၅) ဦးအထိ ရှိကာ ထိုအထဲမှ (၂၁၅၅၂)ဦးသည် ယခုချိန်ထိ ဖမ်းဆီးခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာမှာလည်း ဇန်နဝါရီ(၁၇)ရက်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၆)နှစ်အရွယ် ကလေးငယ်အပါအဝင် (၃)ဦးသေဆုံးကာ စစ်ဘေးရှောင် (၁၇)ဦးထိမှန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးအလုံး ၅၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
photo credit

#PPV0011
#Humanright
#စစ်ကောင်စီ
#သေဆုံးမှု
#ကလေး