ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၈၊ ၂၀၂၅
ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးအလုံး ၅၀ ကျော်ကြဲချတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA ကထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ဇန်နဝါရီလ(၁၆)ရက်နေ့၌ စစ်ကောင်စီမှ Y12လေယာဉ်ဖြင့် နေ့လယ် ၁၂ ခွဲအချိန်မှ ၁ နာရီခွဲအချိန်ထိဗုံးသီး(၃၁)လုံးကို လည်း ကောင်း၊ ညနေ(၄:၀၀)အချိန်တွင် ဗုံးသီး(၂၅)လုံးကို လည်းကောင်း ကြဲချတိုက်ခိုက်ခဲ့ခြင်းများကြောင့် အမျိုးသမီး(၂)ဦး၊အမျိုးသား(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကလေး(၁)ဦးအပါအဝင် (၁၃)ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
” ဒီလိုမျိုး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် ကျွန်တော်တို့ဘာမှ မှတ်ချက်ပေးစရာမရှိပါဘူး၊ ဘာလို့လည်းဆိုတော့ စစ်ကောင်စီက ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေကို လုပ်နေကျဖြစ်တယ်၊ ပြည်သူတွေကိုဦးတည်ပြီး တိုက်ခိုက်မှုတွေ သူတို့ဆက်လုပ်နေမှာပဲ၊ ကျွန်တော်တို့ဒေသမှာမှ မဟုတ်ဘူး နယ်မြေ တော်တော်များများမှာလည်း ပြည်သူကိုဦးတည်ပြီး ဆက်တိုက်ဗုံးကြဲနေတာဖြစ်တယ်” လို့ DPLA ပြောရေးဆိုခွင့်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ကျောက်ဂူဒေသတွင် ယခုရက်ပိုင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီဖက်မှ လက်နက်ကြီးများနေ့စဥ်ပစ်ခတ်နေလျက်ရှိကြောင်းသိရသည်။
” ဒီရက်ပိုင်းကတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတော့မရှိသေးဘူး၊ ဒါပေမယ့် နေ့စဥ်လိုလိုစစ်ကောင်စီဖက်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေတာရှိတယ်” ဟု ၎င်းကဆက်ပြောသည်။
ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်မှအရပ်သား နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးသာမက လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေလျက်ရှိ ကြောင်းသိရသည်။
#PPV 003
#Humanright
#ကျောက်ဂူ
#ဗုံးကြဲ