ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊ ၂၀၂၅

တောင်ကြီးမြို့နယ် နောင်ကျဉ်းရွာတွင် SSPP တပ်က ဂိတ်ချပြီး ရွာသားများဆိုင်ကယ်ဖြင့် ရွာပြင်ကို အဝင်ထွက်လုပ်ကပါ တစ်ခါနှစ်ထောင်ကျပ် ကောက်ခံနေ၍ ဒေသခံများအခက်ခဲဖြစ်နေရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ဟိုပုံး၊ ရပ်စောက် သုံးမြို့နယ်အစပ်ရှိ နန်းဟောင်းမွေတော်အုပ်စု နောင်ကျဉ်းရွာတွင် SSPP တပ်က ဂိတ်ကြေးကောက်သည့်အပြင်၊ ပြောင်းဂိုဒေါင်များကိုလည်း ဆက်ကြေးကောက်ခံနေကြောင်း ဒေသခံထံသိရသည်။

‘’သူတို့က လက်နက်အားကိုးနဲ့ တောင်ကြီးမြို့ထဲက နောင်ကျဉ်းရွာ၊ လဲမကောက်ရွာ၊ ဘန်ကွဲရွာကို ဝင်လာကြတယ်၊ ပြောင်းဂိုဒေါင်တစ်လုံးကို သိန်းဆယ်ချီ ကောက်ခံနေတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

ရွာသားများ ရွာဝင်ရွာထွက် ဆိုင်ကယ်အခွန်ကောက်ခံခြင်းကို သတင်းမီဒီယာနှင့် ဆိုရှယ်မီဒီယာတွင် ရေးသား တင်ပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်နေကြောင်း ဒေသခံများကဆိုသည်။

ထိုဒေသတွင် ကျောင်းတောရွာရှိ PNO ပြည်သူ့စစ်စခန့်နှင့် အနီးဆုံးရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်းဆိုသည်။

ဒေသခံများသည် တိုက်ပွဲဖြစ်ပွားမည်ကို ကြောက်၍ တချို့ပြည်သူများ ဟိုပုံးမြို့သို့ ပြောင်းရွေ့ ရှောင်တိမ်းကြသူ များလည်းရှိကြောင်းသိရသည်။

ဒေသခံများပြောပြချက်အရ UWSA ‘၀”အဖွဲ့က SSPP ယူနီဖောင်းဝတ်ပြီး ဝင်လာသည်ဟု ပြောဆိုသော် လည်း ခမ်းသားငေါဝ်းအနေဖြင့် သီးခြားတည်ပြုနိုင်ခြင်းမရှိပေ။

ထိုကိစ္စနှင့်ပတ်သက်ပြီး ခမ်းသားငေါဝ်းသတင်းဌာနမှ SSPP တပ်တာဝန်ရှိသူများကို ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

#ppv002
#Humanright
#နောင်ကျဥ်း
#ဘန်ကွဲ
#SSPP

You missed