ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၆၊ ၂၀၂၅
ဒီမောဆို အရှေ့ဖက်ခြမ်းစစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရှိသွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ကရင်နီ(ကယား) ပြည်နယ်၊ ဒီမောဆိုအရှေ့ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၁၂ ခွဲကျော်အချိန်ခန့်တွင် လေကြောင်းဖြင့်ဗုံးကြဲခဲ့ရာ စစ်ဘေးရှောင် ၃ ဦသေဆုံးပွိီး ၄ ဦးဒဏ်ရာရှိသွားသည်။
” မောင်နှမ နှစ်ယောက်တော့ ပွဲချင်းပြီးသေသွားတယ်၊ အမျိုးသမီးနောက်တစ်ယောက်က ဆေးကုသရင်း သေသွားတယ်၊ ၄ ယောက်ဒဏ်ရာရသွားတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထားကာလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ပြည်သူများ စိုးရိမ်ကြောက်ရွံ့နေကြောင်းသိရသည်။
” စစ်ရေးပစ်မှတ်လည်း မဟုတ်၊ တိုက်ပွဲဖြစ်ပွားနေတာလည်းမရှိဘူး၊ ပြည်သူတွေပဲ ရှိတဲ့နေရာကို ဦးတည်တိုက်ခိုက်နေတာ၊ ဒီမှာက လေယာဥ်သံကြားတာနဲ့ အရမ်းကြောက်နေရတယ်၊ ညဆိုလည်း အမြဲဝဲနေတာ ကောင်းကောင်းအိပ်မပျော်တာကြာပြီ၊ ပြေးရအောင်လည်း ဘယ်ပြေးရမှန်းမသိဘူး” ဟု ၎င်း ကဆက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ညတွင်လည်း စစ်ကောင်စီက ဒီမောဆို အနောက်ဖက်ခြမ်း နှင့် အရှေ့ဖက်ခြမ်းတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ၂၀၂၅ နှစ်စပိုင်း၌ လွိုင်ကော်၊ ဒီမောဆို၊ ဖယ်ခုံ အနောက်ဖက်ခြမ်း များတွင် ပြည်သူများကိုဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်နေလျက်ရှိသည်။
PPV 003
#လူ့အခွင့်အရေး
#ဒီမောဆိုအရှေ့ဖက်ခြမ်း
#စစ်ရှောင်စခန်း
#လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်
#စစ်ဘေးရှောင်
#ကရင်နီ