ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၅၊ ၂၀၂၅
တောင်ကြီးမြို့နယ် ဇလဲကျေးရွာတွင် PNO ပြည်သူ့စစ်က စစ်သင်တန်းပေးရင်း သေနတ်ပစ်၊ လက်ပစ်ဗုံးပစ် သင်တန်းပြုလုပ်စဉ် လက်ပစ်ဗုံး ပေါက်ကွဲ၍ သင်တန်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် လွယ်တော်ကျေးရွာအုပ်စု ဇလဲကျေးရွာတွင် ဇန်နဝါရီ ၉ ရက်နေ့က အထက်အမိန့်ဖြင့် စစ်သင်တန်း၊ သေနတ်ပစ်၊ လက်ပစ် ဗုံးပစ် သင်တန်းပြုလုပ်ရာ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် သင်တန်းတက်သည့်လူငယ်နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
‘’လူငယ်ပဲ အသက်က ၂၅ ဝန်းကျင် ကျွန်တော့်သူငယ်ချင်းပါ၊ မဖြစ်မနေစစ်သင်တန်းတက်ရတာပါ၊ အဲဖက်က PNO ပြည်သူ့စစ် ဦးဆောင်လုပ်ရင် ဘယ်သူမှအသံမထွက်ရဲကြဘူး၊ ခုဒဏ်ရာရသူက အောင်ပန်းစစ်ဆေးရုံမှာ ဆေးကုသနေရတယ်” ဟု ဖြစ်စဉ်သိသူ က ခမ်းသားငေါဝ်းကိုပြောသည်။
ဒဏ်ရာရရှိသူလူငယ်နှစ်ဦးတွင် တစ်ဉီးသည် ဒဏ်ရာအနည်းငယ်သာရရှိပြီး တစ်ဉီးသည် လက်ချောင်းပြတ်၊ ဦးခေါင်းနှင့် မျက်လုံးတဖက်ထိခိုက်ပြီးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းသိရသည်။
‘’အရင်တုန်းက စစ်သင်တန်းတက်ရင် သစ်တွေ၊ ဝါးတွေနဲ့ သေနတ်ပစ်သင်တန်းတက်ရတာပေါ့၊ ခုက လက်တွေ့ သေနတ်အစစ်ပစ်ရတယ်၊ ဗုံးအစစ်တွေနဲ့ပစ်ရတယ်၊ ဗုံးကြောင့်လူထိခိုက်သွားတာပါ” ဟု သူကဆက်ပြောသည်။
လွယ်တော်ကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ် ခေါ်ယူသည့် စစ်သင်တန်းသည် ဒေသခံရွာသားများ အလှည့်ကျ တက်ရောက်ခဲ့ရပြီး မဖြစ်မနေ တက်ရောက်ခဲ့ရကြောင်း၊ ရွာအတွင်းလူငယ်များ မရှိပါက မိဘများက အစားထိုးသွားရသည့်အပြင် တစ်ချို့က ငွေကြေးဖြင့် ထည့်ပေးရကြောင်းသိရသည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်မှုထမ်းအတွက်ပါ ကျေးရွာလူထုများက သွားနေရသည့်အတွက် လူငယ်များ၊ ပြည်သူများ အခက်ခဲမျိုးစုံကြုံတွေ့နေရကြောင်းသိရသည်။
#ppv002
#Humanright
#ဇလဲ