ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၅၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း SSPP/SSA ထိန်းချုပ်ထားသည့် ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် သစ်ပင် စိုက်ပျိုးသူမရှိဘဲ လူဦးရေ တိုးလာသည်နှင့်အမျှ တစ်နှစ်ထက်တစ်နှစ် ထင်းခုတ်၊ သစ်ခုတ်သူ များပြားလာပြီး သစ်တော ပြုန်းတီးမှုကို ကာကွယ်ရန် ချိန်းဆောဖြင့် သစ်ခုတ်၊ထင်းခုတ်တာတွေ့လျှင် အရေးယူမည်ဟု SSPP/SSA မှဆိုထားကြောင်း ဇန်နဝါရီ(၁၅)ရက်တွင် စုံစမ်းသိရသည်။
ယခုနှစ်တွင် နိုင်ငံတော်မှ လျှပ်စစ်မီးရရှိမှုက ယခင်နှစ်တွေထက် ပိုဆိုးလာမှုကြောင့် ထင်းခုတ်သူ အရေအတွက်က ပိုတိုးလာကြောင်းနှင့် သစ်တော ထိန်းသိမ်းရန် SSPP/SSAမှ ချိန်းဆောဖြင့် ထင်းခုတ်၊သစ်ခုတ်လျှင် အရေးယူမည်ဟု ပြောကြားထားကြောင်း သိရသည်။
“သူတို့အုပ်ချုပ်နေတဲ့ ဒေသဖြစ်တော့ စက်သံကြားရင် ချက်ချင်း လာကြည့်တာမျိုးရှိတယ်။ ပထမအကြိမ်တွေ့ရင် ဒဏ်ငွေဆောင်ရတယ်။ ထပ်တွေ့ရင် အရေးယူမယ်လို့ ပြောတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။
သစ်ပင်ခုတ်တာ များလာလျှင် သဘာဝဘေး အန္တာရယ်က ပိုဆိုးလာနိုင်သည်ကို ကျေးရွာ အတော်များများက မသိကြကြောင်း၊ သစ်ပင်စိုက်ပျိုးကြဖို့ အသိပညာမျှဝေပေးဖို့ လိုအပ်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ထင်းမီးအတွက်က မိသားစု တစ်စုကို အနည်းဆုံး (၁)နှစ်စာ ထော်လာဂျီ(၇)စီးစာလောက် ခုတ်ကြတယ်။ ဒီနှစ်ဆို တော်တော်ရှားလာပြီလို့ ပြောလို့ရတယ်။ အဝေးကြီး (၂)နာရီလောက်ဝေးတဲ့ထိ သွားခုတ်ကြရတာ။ရွာအနီးနားမှာက အပင်အသေးတွေပဲ ရှိတော့တာ” ဟု ၎င်းက ခမ်းသားငေါဝ်းကို ဆက်ပြောသည်။
အချို့ကျေးရွာတွင် ဥက္ကဌမှ သစ်တောကြိုးဝိုင်းအဖြင့် သတ်မှတ်ထားတာ ရှိသော်လည်း သတ်မှတ်နေရာ ဧက သေးကြောင်း သိရသည်။
“မခုတ်ရဘူးလို့ သတ်မှတ်တဲ့နေရာရှိပေမဲ့ ကြက်၊ဝက်၊နွား ခြံအတွက်ဆို မခုတ်ရသတ်မှတ်ထားတဲ့ နေရာမှာလည်း ခုတ်ကြတယ်” ဟု၎င်းက ဆက်ပြောသည်။
SSPP/SSA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် သစ်ပင် စိုက်ပျိုးသူမရှိဘဲ ထင်းခုတ်သူများပြားလာပြီး ထော်လာဂျီတစ်စီးစာ ထင်းပုံ(၁)ပုံ အိမ်ရောက်ပို့ (၂)သိန်းကျပ်ထိ ဈေးပေါက်နေကြောင်း ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ် တို့တွင် SSPP/SSA တပ်ဖွဲ့များ နေရာယူ အုပ်ချုပ်နေသော ဒေသဖြစ်ပြီး တပ်သားစုဆောင်းမှု၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးမှုတို့ လုပ်ဆောင်နေကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#ကျေးသီးမြို့နယ်
#သဘာဝပတ်ဝန်းကျင်
#လူဦးရေတိုးလာသည်နှင့်အမျှ
#တစ်နှစ်ထက်တစ်နှစ်
#ထင်းခုတ်
#သစ်ခုတ်သူ များပြားလာပြီး
#သစ်တောပြုန်းတီးမှုကိုကာကွယ်ရန်
#ချိန်းဆောဖြင့်သစ်ခုတ်၊ထင်းခုတ်
#SSPP/SSA